တောင်ကြီး ဇန်နဝါရီ ၁၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ညောင်ရွှေမြို့ မင်္ဂလာရပ်ကွက်ရှိ ဘုရားကျိန်းကျောင်းတွင် ခိုလှုံနေကြသော ယာယီတိုက်ပွဲရှောင်ပြည်သူများအား သွားရောက်တွေ့ဆုံ၍ ရင်းရင်းနှီးနှီး အားပေးစကားပြောကြားသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့သော Smart အထည်ချုပ်စက်ရုံမှ ထုတ်လုပ်သည့် ကျား၊ မအင်္ကျီများနှင့် ကိုယ်တိုက်ဆပ်ပြာများကိုလည်းကောင်း၊ အသက် ၇၀ နှစ်နှင့် အထက်ရှိသူများ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် ၅ နှစ်အောက် ကလေးများအတွက် လူမှုရေးထောက်ပံ့ငွေများကိုလည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့က ထောက်ပံ့သော ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ခေါက်ဆွဲခြောက်နှင့် ကြက်ဥများကိုလည်းကောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ လူဦးရေအလိုက်၊ အိမ်ထောင်စုအလိုက် ထောက်ပံ့သည့် ထောက်ပံ့ငွေများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ကြပြီး ယာယီတိုက်ပွဲရှောင်ပြည်သူများ၏ တင်ပြချက်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည့် ညောင်ရွှေမြို့ ရန်ကုန်ဘုန်းကြီးကျောင်းရှိ သံဃာတော်များအား သွားရောက်ဖူးမြော်ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ယာယီခိုလှုံရာစခန်းတွင် ရောက်ရှိခိုလှုံနေကြသည့် ယာယီတိုက်ပွဲရှောင်ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့မှ ထောက်ပံ့သော အဝတ်အထည်များ၊ ကိုယ်တိုက်ဆပ်ပြာများ၊ လူမှုရေးထောက်ပံ့ငွေများနှင့် စားနပ်ရိက္ခာများကို ထောက်ပံ့ပေးအပ်ကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်ရွှေမြို့ မဟာရန်အောင်ဘုရားတွင် ဖွင့်လှစ်ထားသည့် ခိုလှုံရာစခန်းတွင် ရောက်ရှိခိုလှုံနေကြသည့် ယာယီတိုက်ပွဲရှောင်ပြည်သူများအား ဝန်ကြီးဌာနအလိုက် အကူအညီအထောက်ပံ့များ ထောက်ပံ့ပေးအပ်ပြီး တိုက်ပွဲရှောင်ပြည်သူများကို နွေးထွေးရင်းနှီးစွာ တွေ့ဆုံ၍ အားပေးစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလောမြို့နယ်အတွင်းရှိ ယာယီတိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၃၆၇)စု၊ လူဦးရေ(၂၂၁၈)ဦး၊ ညောင်ရွှေမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်အိမ်ထောင်စု(၄၄၄၀)၊ လူဦးရေ(၁၇၄၀၁)ဦး၊ ဖယ်ခုံမြို့နယ်ရှိ အိမ်ထောင်စု(၁၄၁၈)စု၊ လူဦးရေ(၂၂၂၇)ဦး စုစုပေါင်းအိမ်ထောင်စု(၅၂၄၂)စု၊ လူဦးရေ(၂၁၈၄၆)ဦးတို့အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ငွေကျပ်(၂၈၆,၁၈၂,၆၀ဝိ/-)တန်ဖိုးရှိ Smart ရှပ်အင်္ကျီ(၂၁၈၄၆)ထည်နှင့် ဆပ်ပြာ(၂၁၈၄၆)ခဲ၊ ထိခိုက်လွယ် လူဦးရေ(၂၅၆၆)ဦးအတွက် လူမှုထောက်ပံ့ကြေးငွေကျပ်(၇၆,၉၈၀,၀၀ဝိ/-)၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အိမ်ထောင်စု (၅၂၄၂)စု၊ လူဦးရေ(၂၁၈၄၆) ဦးအတွက် ငွေကျပ် (၁၅၅,၈၁၈,၄၅ဝိ/-) တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ထောက်ပံ့ငွေကျပ်သိန်း ၃၀၊ စုစုပေါင်းထောက်ပံ့မှု တန်ဖိုးငွေကျပ် ၅၂၂၀ သိန်းခန့်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)