ရန်ကုန် စက်တင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးကိုဗစ် - ၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန့်ရေး ကော်မတီဝင်များ၊ လှည်းကူးမြို့နယ် ဖောင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ် ကိုဗစ် - ၁၉ ကျန်းမာရေးစင်တာမှ တာဝန်ရှိသူများသည် ရခိုင် ပြည်နယ် မှ ကိုဗစ် - ၁၉ ရောဂါလူနာများကို စင်တာတွင် လက်ခံ ကုသပေးနိုင်ရေး သြဂုတ် ၃၁ ရက် ညနေ ၄ နာရီ က ဧည့်ရိပ်သာတွင် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
ဆွေးနွေးပွဲတွင်ဝန်ကြီးချုပ်က ဖောင်ကြီးတွင် လက်ရှိအဆောင်များနှင့် ထပ်မံတိုးချဲ့ပြုပြင်ထားသည့် အဆောင်များတွင် လူနာများ ရောက် လာပါက အဆင်သင့် ကုသပေးနိုင်အောင် ဆေးပစ္စည်းများ ပြည့်စုံအောင် ဆောင်ရွက်ထားရေးနှင့် ကုသရေးအပိုင်းများ အတွက် ကြိုတင် ပြင်ဆင်ထားရန်လိုအပ် ကြောင်း၊ မိမိအနေဖြင့် လိုအပ်နေသော ဆရာဝန်အင်အားနှင့် ဆေးပစ္စည်းများကို ဖြည့်ဆည်းပေးနိုင်ရေး ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ညှိနှိုင်းပေးမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့၊ ဒဂုံ(ဆိပ်ကမ်း) မြို့နယ်ရှိ ရိုးမရိပ်သာကို Quarantine Center အဖြစ်ထားရှိမည်ဖြစ်၍ အမြန်ဆုံးပြင်ဆင် ဆောင်ရွက်ရေးနှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်း၍ ကျန်းမာရေးစစ်ဆေးခြင်းများကို မြို့နယ်များအလိုက် မြေပြင်ကွင်းဆင်းဆောင်ရွက်ရေး ကိစ္စရပ် များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ဖောင်ကြီးကျန်းမာရေးစင်တာမှ တာဝန်ရှိသူများက စင်တာတွင် ၁၉၉ ဦး လက်ခံကုသပေးခဲ့ပြီး ၁၈၁ ဦးမှဆေးရုံ ဆင်းသွားပြီး ၁၈ ဦး ကျန်ရှိနေကြောင်း၊ ဆေးရုံဆင်းသွားသူများမှ အခြား သူထံရောဂါလုံးဝမကူးစက်နိုင်အောင် ကုသပေးခဲ့ကြောင်းနှင့် ထိုသူများကို အိမ်တွင် ၂၁ ရက် ဆက်လက် စောင့်ကြည့်ရာ အခြေအနေကောင်းမွန်ကြောင်းနှင့် အဆောင် ၅ဆောင် တွင် လူနာ ၈၀၀ ကျော်အထိ ထားရှိ ကုသပေးနိုင်ကြောင်းနှင့်ပြင်ဆင်နေမှုများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များက ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရိုးမရိပ်သာကို Quarantine Center ထားရှိရေး ပြင်ဆင်ဆောင်ရွက်နေသည့် အစီအမံများကို ရှင်းလင်းတင်ပြ ကြသည်။ တင်ပြချက်များအပေါ် ဝန်ကြီးချုပ်က အားလုံး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး မှာကြားခဲ့ကြောင်း သိရှိရသည်။
ဆန်းကျော်ဦး (ပြန်/ဆက်)