ရန်ကုန် ဇန်နဝါရီ ၁၂
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ ရန်ကုန်ပညာရေးတက္ကသိုလ် ပညာရေးဘွဲ့ ပထမနှစ်သင်တန်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသို့တက်ရောက်လာကြသည့် သစ်လွင်ကျောင်းသားကျောင်းသူများ ကြိုဆိုပွဲအခမ်းအနားကို ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ ယနေ့နံနက် ၉ နာရီ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်ပညာရေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ စီမံရေးရာ၊ ဘဏ္ဍာရေးရာ၊ သင်တန်းရေးရာ၊ စာပေးစာယူဌာန ဌာနမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ မော်ကွန်းထိန်း၊ အဆောင်မှူးများနှင့် သစ်လွင်ကျောင်းသား ကျောင်းသူ ၄၅၁ ဦး တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်ပညာရေးတက္ကသိုလ် စတုတ္ထနှစ် (ပထမနှစ်ဝက်) မှ ကျောင်းသား ကျောင်းသူများက ရန်ကုန်ပညာရေးတက္ကသိုလ်၏ ကျောင်းသီချင်းဖြစ်သော “အမိဝမ်းမြောက်ပါစေ” သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်သည်။
အခမ်းအနားတွင် ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသွယ်လှိုင်က ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ပညာဆည်းပူးရခြင်းဖြင့် ဆရာအတတ်ပညာများနှင့် အဓိကဘာသာရပ်ကြီးများ ပူးပေါင်းထားသော ခေတ်မီသင်ရိုးများကို သင်ယူရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ခေတ်မီပေါင်းစပ်ပညာရေးကို သင်ယူနိုင်ခြင်းအားဖြင့် မဝေးသောအနာဂတ်တွင် သင်ကြား၊ သင်ယူမှုလုပ်ငန်းများကို ဆောင်ရွက်နိုင်မည့် အရည်အသွေးရှိသော ဆရာ ဆရာမများ အမှန်တကယ် ဖြစ်လာတော့မည်ဖြစ်ပါကြောင်း ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် ဒုတိယပါမောက္ခချုပ်များက သစ်လွင်ကျောင်းသားကျောင်းသူများကို ကြိုဆိုနှုတ်ခွန်း ဆက်စကားနှင့် ဆုံးမစကားများပြောကြားကြပြီး ဌာနမှူး (သင်တန်းရေးရာ) က သင်တန်းရေးရာနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား၍ မော်ကွန်းထိန်းက ပါမောက္ခ (ဌာနမှူး) များ၊ ပါမောက္ခများ၊ စီမံရေးရာ၊ ဘဏ္ဍာရေးရာ၊ သင်တန်းရေးရာ၊ စာပေးစာယူဌာနတို့မှ ဌာနမှူးများ၊ အဆောင်မှူးများနှင့်မိတ်ဆက်ပေးကာ ပညာရေးဘာသာရပ်၊ သိပ္ပံဘာသာရပ်၊ ဝိဇ္ဇာဘာသာရပ်တို့မှ ပါမောက္ခ (ဌာနမှူး) များက ဘာသာရပ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် ကျောင်းသား ကျောင်းသူများက တေးသီချင်းများ၊ ယိမ်းအကများဖြင့် သီဆိုကပြ ဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်