Skip to main content

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ တောင်ပုရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရွာသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် ဖြန့်ဝေလျက်ရှိ

နေပြည်တော် ဇန်နဝါရီ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ တောင်ပုကျေးရွာကို ဇန်နဝါရီ ၁၀ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များ ကျေးရွာအတွင်းဝင်ရောက်လာပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံရွာသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဒေသခံများထံမှ ငွေကြေးများ ခြိမ်းခြောက်ယူဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ မြေပြင်သတင်းအရင်းအမြစ်များနှင့် သက်ဆိုင်ရာ နယ်မြေလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဇန်နဝါရီ ၁၀ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တောင်ပုကျေးရွာသို့ သွားရောက်ခဲ့ခြင်းမရှိကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုမရှိပါကြောင်းနှင့် ၎င်းရက်တွင် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများမှ မြိတ်မြို့ မဇောကျေးရွာအုပ်စု၊ လက်မဲကျေးရွာရှိ ဒေသခံနေအိမ်များကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်တွင် ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။