နေပြည်တော် ဇန်နဝါရီ ၁၂
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မိတ္ထီလာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမသို့ရောက်ရှိရာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ခရိုင်အတွင်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မဲစာရင်းမှန်ကန်ရေး၊ မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေး၊ ပြည်လုံးကျွတ်သန်း ခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများအောင်မြင်ရေးနှင့် ယင်းလုပ်ငန်းစဉ်အားလုံးသည် နိုင်ငံတော်၏အနာဂတ်အတွက် အရေးကြီးသည့်လုပ်ငန်းများဖြစ်သည့်အတွက် ဌာနဆိုင်ရာအချင်းချင်း ညှိနှိုင်းပူးပေါင်း ကူညီဆောင်ရွက်ပေးနိုင်ရေးမှာကြားကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စုပေါင်းရုံးရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိတ္ထီလာမြို့နယ်ဦးစီးမှူးသို့သွားရောက်၍ ရုံးခန်းများအခြေအနေနှင့် ရုံးစာရွက်စာတမ်းများ၊ မှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင်များ စနစ်တကျ ထိန်းသိမ်းထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရုံးခန်းအတွင်း၌ ဝန်ထမ်းများက မြို့နယ်ရုံးရှိ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ၊ နိုင်-၄ မှတ်တမ်းနှင့် အိမ်ထောင်စုစာရင်းပါ အချက်အလက်များကို နေပြည်တော်ရုံးချုပ်ရှိ e-ID Sever အတွင်းရှိ အချက်အလက်များနှင့် တိုက်ဆိုင်စိစစ် ဖြည့်သွင်းပြင်ဆင် အတည်ပြုခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့၊ ပညာရေးဒီဂရီကောလိပ်သို့သွားရောက်၍ အဆိုပါကောလိပ်ရှိ ရတနာပုံခန်းမ၌ မိတ္ထီလာမြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ပညာရေးဒီဂရီကောလိပ်မှ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ထုတ်ပေးခြင်း၊ e-ID စနစ်ဖြင့် Biographic / Biometric ကောက်ယူခြင်းလုပ်ငန်းတို့ကို One Stop Service ဖြင့် ဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှုရာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက ဆရာ ဆရာမများနှင့် ဒေသခံပြည်သူများအား လုပ်ငန်းဆိုင်ရာ ဆောင်ရွက်မှုများအပေါ် တွေ့ကြုံရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးပြီး e-ID စနစ် နှင့်ပတ်သက်၍ သိကောင်းစရာများကို ရှင်းလင်းပြောကြားကာ ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။
မိတ္ထီလာပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများအနက် နိုင်ငံသားကတ်ပြားမရှိသေးသူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ထုတ်ပေးပြီး e-ID စနစ်အတွက် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) များ ကောက်ယူခြင်းလုပ်ငန်းကို တစ်ပါတည်းဆောင်ရွက်ပေးပြီး နိုင်ငံသားကတ်ရှိပြီးသူများအား Biographic နှင့် Biometric များ ကောက်ယူကာ e-ID စနစ်အတွက် ဂဏန်း (၁၀) လုံးပါ Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို တစ်နေရာတည်းတွင် တစ်ပါတည်းဆောင်ရွက်ပေးခြင်းဖြစ်ရာ နိုင်ငံသားကတ်မရှိသေးသူ (၁၂၀) ကို နိုင်ငံသားကတ် ထုတ်ပေးခဲ့ပြီး နိုင်ငံသားကတ်ရှိပြီးသူ (၆၀) နှင့်အတူ စုစုပေါင်း (၁၈၀) ကို e-ID စနစ် ဆောင်ရွက်ပေးပြီး Unique ID နံပါတ်များ ထုတ်ပေးခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပညာရေးဒီဂရီကောလိပ်ခန်းမ၌ မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများကိုတွေ့ဆုံ၍ လုပ်ငန်းလိုအပ်လျက်များ မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါကောလိပ်ခန်းမ၌ ဝန်ထမ်းများနှင့်အတူ နေ့လယ်စာကို ရင်းနှီးချစ်ကြည်စွာဖြင့် လက်ရည်တစ်ပြင်တည်း အတူတကွ သုံးဆောင်ခဲ့ပြီး ဝန်ထမ်းစားရိပ်သာအတွက် ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်