နေပြည်တော် ဇန်နဝါရီ ၁၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယမန်နေ့နံနက်ပိုင်းက ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌ကျင်းပသည့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ဖွင့်လှစ်သည့်သင်တန်းသည် သဘာဝဘေးအန္တရာယ်ကို တုံ့ပြန်နိုင်မည့်စွမ်းအားစုများ အမြဲအဆင်သင့်ဖြစ်နေစေရန်၊ ရပ်ရွာများတွင် ရရှိနိုင်သည့်လူငယ်စွမ်းအားစု များကိုဖော်ထုတ်ပြီး ၎င်းတို့၏ရပ်ရွာများအတွင်း သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ၎င်းတို့ကိုယ်တိုင် ဦးစီးဦးဆောင်မှုပြုနိုင် သူများဖြစ်လာစေရန်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များအတွက် အရန်အင်အားတောင့်တင်းလာနိုင်စေရန်နှင့် လူငယ်ထုအတွင်း အများအကျိုးသယ်ပိုးလိုသောစိတ်ဓာတ်များ ကိန်းအောင်းလာစေရန်ရည်ရွယ်၍ ယခုသင်တန်းကိုဖွင့် လှစ်ရခြင်းဖြစ်ပါကြောင်း၊ သင်တန်းကာလအတွင်း ဘေးအန္တရာယ်များအကြောင်း၊ ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးနှင့် အရေးပေါ်သတိပေးစနစ်များအကြောင်း၊ အရေးပေါ်တုံ့ပြန်ရေး၊ ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူရေး၊ ကယ်ဆယ်ရေးပစ္စည်းများဖြန့်ဝေမှု၊ ကယ်ဆယ်ရေး စခန်းစီမံခန့်ခွဲမှုစသည့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းအကြောင်းအရာများကို လေ့လာခွင့်ရရှိကြမည်ဖြစ်၍ ဘေးဒဏ်မှကြံ့ကြံ့ခံနိုင်သော ရပ်ရွာအသိုက်အဝန်းများ ဖြစ်ထွန်းလာစေရေးအတွက်ကျရာကဏ္ဍမှ အင်တိုက်အားတိုက်ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ကျိုင်းတုံခရိုင်အတွင်းရှိ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။ အဆိုပါသင်တန်းကို သုံးရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျိုင်းတုံခရိုင်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းလူငယ် ၅၀ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကျိုင်းတုံခရိုင်အတွင်းရှိ ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များ၊ နိုင်ငံတော်၏ ပကတိအခြေအနေမှန်များကို ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်