နေပြည်တော် ဇန်နဝါရီ ၁၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများကို မကွေး၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီးနှင့် ပုသိမ်မြို့များတွင်ဖွင့်လှစ်၍ သမဝါယမနှင့် စာရင်းရေးစာရင်းကိုင်ပညာရပ်များ သင်ကြားပို့ချပေးလျက်ရှိရာ ၎င်းကျောင်းများတွင် တက်ရောက်သင်ယူနေကြသော ကျောင်းသား ကျောင်းသူများအနေဖြင့် အချင်းချင်း ခင်မင်ရင်းနှီးမှုရရှိစေရန်၊ စာတွေ့လက်တွေ့လုပ်ငန်းများအပြင် ဒေသန္တရဗဟုသုတများရရှိစေရန်၊ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန်ရည်ရွယ်လျက် နေပြည်တော်နှင့်ပတ်ဝန်းကျင် လေ့လာရေး ခရီးစဉ်များ စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းအစီအစဉ်အရ သင်တန်းကျောင်းအသီးသီးမှ ကျောင်းအုပ်ကြီးများ၊ ကြီးကြပ်သူဆရာဆရာမများနှင့် ပထမနှစ်ကျောင်းသား ကျောင်းသူများစုစုပေါင်း ၁၆၉ ဦးတို့သည် ယမန်နေ့ညနေပိုင်းက ရွာတော်တည်းခိုရေးနှင့် စစ်ကြောရေးစခန်းသို့ရောက်ရှိလာရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်ဦးခန့်ဇော်နှင့် တာဝန်ရှိသူများကကြိုဆို၍ စနစ်တကျနေရာချထားပေးသည်။
ရှင်းလင်းပြောကြား
ယင်းနောက် ဒုတိယဝန်ကြီးသည် ဆင်ဖြူရှင်ခန်းမတွင် ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံ၍ လေ့လာရေးခရီးစဉ် စီစဉ်ဆောင်ရွက်ပေးရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ခရီးစဉ်အတွေ့အကြုံများကို မိမိတို့ဒေသတွင် ပြန်လည်မျှဝေရန်၊ သင်တန်းပြီးဆုံးပါက တက္ကသိုလ်၊ ကောလိပ်များသို့ ပေါင်းကူးတက်ရောက်ခွင့်ရရှိရေး ကြိုးစားသင်ယူကြရန်၊ နိုင်ငံတော်ကအားထားရသော စာရင်းအင်းနှင့် စီးပွားရေးအတတ်ပညာရှင်များဖြစ်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး စားရိပ်သာတွင် ကျောင်းအုပ်ကြီးများ၊ ကြီးကြပ်သူ ဆရာဆရာမများ၊ သင်တန်းသားများနှင့်အတူ ညစာသုံးဆောင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
