Skip to main content

သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများမှ လေ့လာရေးခရီးလာရောက်သည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၁၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာန သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်) မှ လေ့လာရေးခရီးလာရောက်ကြသည့် ကျောင်းသားကျောင်းသူများအား တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရုံးအမှတ် (၁၆)၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီးဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သက်မွေးပညာသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ကြီးကြပ်သူဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူ ၁၅၃ ဦး တက်ရောက် ကြသည်။

ထိရောက်စွာပြန်လည်အသုံးချ

ဦးစွာ ပြည်ထောင်စုဝန်ကြီးကယခုကဲ့သို့ လေ့လာရေးခရီးစဉ်ကို စီစဉ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်မှာ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများမှ ကျောင်းသားကျောင်းသူများအား နေပြည်တော်သို့ဖိတ်ခေါ်ပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများကို မျက်ဝါးထင်ထင်လေ့လာတွေ့ရှိကာ လေ့လာရေးခရီးစဉ်မှရရှိသော အတွေ့အကြုံကောင်းများကို မိမိတို့ဒေသတွင် လူမှုစီးပွားဘဝမြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် များဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ထိရောက်စွာ ပြန်လည်အသုံးချနိုင်စေရန်နှင့် သင်တန်းတွင်သတ်မှတ်အရည်အချင်းပြည့်မီသူများကို စိစစ်ရွေးချယ်ပြီး သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်/ကောလိပ်များသို့ ပေါင်းကူးတက်ရောက်ခွင့်ရရှိနိုင်မည်ဖြစ်သည့်အတွက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်းနှင့်သန်လျင်) သို့ သွားရောက်လေ့လာခြင်းဖြင့် တက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိရေး ကြိုးစားချင်စိတ်ဖြစ်ပေါ်လာအောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း။

သမဝါယမဦးစီးဌာနအနေဖြင့်လည်း သင်တန်းပြီးဆုံးပါက တစ်ပါတည်း အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးအတွက် စီးပွားရေးအဖွဲ့အစည်းများနှင့် သမဝါယမအသင်းများ၊ ဘဏ်များကို ဖိတ်ခေါ်၍ မိတ်ဆက်ပွဲအခမ်းအနားများ ပြုလုပ်ရန်အတွက် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊သင်တန်း ကာလနှစ်နှစ်အတွင်း ကျောင်းသား ကျောင်းသူများ အတွက် စားသောက်စရိတ်၊ တူညီဝတ်စုံများအပြင် စာရေးကိရိယာများ၊ အိပ်ရာ၊ ခုတင်၊ ခြင်ထောင်စသည်များကို အခက်အခဲမရှိအောင် အခမဲ့အသုံးပြုနိုင်ရေးအတွက် နိုင်ငံတော်နှင့်ဝန်ကြီးဌာနက စီစဉ်ပေးထားကြောင်း၊ ကျောင်းသား ကျောင်းသူများ အနေဖြင့် စာကိုကြိုးစားသင်ယူပြီး မိမိအတွက်၊ မိသားစုအတွက်၊ နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် လူချွန်လူကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက သင်တန်းကျောင်းများအား အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ပြီး ကျောင်းသားကျောင်းသူများ ကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကြပြီး လေ့လာရေးကျောင်းသား ကျောင်းသူများက တိုင်းရင်းသားရိုးရာအကပဒေသာဖြင့် ဖျော်ဖြေပြီး ဂုဏ်ပြုညစာ အတူသုံးဆောင်ခဲ့ကြ သည်။

လေ့လာရေးကျောင်းသား ကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးသို့ သွားရောက်ဖူးမြော်ကြပြီး အလှူငွေများ ပေးအပ်လှူဒါန်းသည်။ ထို့နောက် မော်ကွန်းပြတိုက်ကို လေ့လာကြရာပြခန်းတာဝန်ရှိသူတစ်ဦးက ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဖြစ်ပေါ်လာရေးအတွက် ဆောင်ရွက်ခဲ့သည့်မှတ်တမ်းများနှင့် တည်ထားကိုးကွယ်ထားရခြင်း၏သမိုင်းကြောင်းကို Projector ဖြင့် ရှင်းလင်းပြသသည်။

ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)သို့ သွားရောက်၍ သတင်းရိုက်ကူးတည်းဖြတ် ထုတ်လွှင့်ပုံအဆင့်ဆင့်၊ တိုင်းရင်းသားရုပ်သံလိုင်း (NRC) ထုတ်လွှင့်နေမှုများ၊ စိန်ရတုပြတိုက်နှင့် ရေဒီယိုထုတ်လွှင့်ရေး အစီအစဉ်များကို လေ့လာကြပြီး လေ့လာရေးအဖွဲ့များ၏ ရိုးရာအကများကို မှတ်တမ်းတင်ရိုက်ကူးကြသည်။

ဆက်လက်၍ တပ်မတော်စစ်သမိုင်းပြတိုက်သို့ ရောက်ရှိကြပြီး ပြတိုက်အတွင်းလေ့လာရာ တာဝန်ရှိသူများက မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့်အတူ ယှဉ်တွဲပေါက်ဖွားလာသည့် တပ်မတော်သမိုင်းကို Video Projector ဖြင့် ပြသပေးခဲ့ပြီး ပြတိုက်အတွင်းရှိ ခင်းကျင်းပြသထားသော ပြည်တွင်း ငြိမ်းချမ်းရေးဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ၊ တပ်မတော် စစ်ဆင်ရေးမှတ်တမ်းများ၊ ဗမာ့ကာကွယ် ရေးတပ်မတော်သုံးပစ္စည်းများနှင့် လက်နက်များ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ပြခန်းများသို့ ကြည့်ရှု လေ့လာကြသည်။ ထို့ပြင် အမျိုးသားပြတိုက်ရှိ ရှေးဟောင်းရုပ်ကြွင်း၊ ပန်းချီ၊ မြို့ဟောင်းပုံစံငယ်များ၊ ပလ္လင်နှင့် နန်းသုံးပစ္စည်းများ၊ လက်မှုအနုပညာများ၊ အာဆီယံပြခန်းနှင့် ကလေးသူငယ်ပညာပေးရေးအစီ အစဉ်များကို သွားရောက်လေ့လာကြပြီး ညပိုင်းတွင် ရေပန်းဥယျာဉ်သို့ သွားရောက်၍ အပန်းဖြေလေ့လာ ကြည့်ရှုကြသည်။

လေ့လာရေးခရီးစဉ်အတွင်း ယမန်နေ့နံနက်ပိုင်း၌ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)သို့ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မကွေး)၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မန္တလေး)နှင့် သမဝါယမစာရင်း ရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး)တို့မှ ကျောင်းသား ကျောင်းသူ ၁၁၁ ဦးတို့က သွားရောက်လေ့လာခဲ့ကြပြီး တက္ကသိုလ်မှကျောင်းသား ကျောင်းသူများနှင့် လေ့လာရေးခရီးစဉ်မှ ကျောင်းသားကျောင်းသူများက တေးသရုပ်ဖော်များဖြင့် ဖျော်ဖြေတင်ဆက်ပြီး တက္ကသိုလ်ဝင်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ထို့ပြင် ယမန်နေ့နံနက်ပိုင်းတွင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) သို့လည်း သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မော်လမြိုင်) နှင့် သမဝါယမစာရင်း ရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (ပုသိမ်)မှ ကျောင်းသား ကျောင်းသူ ၄၂ ဦးတို့က သွားရောက်လေ့လာခဲ့ကြသည်။

သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်း (မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်) သင်တန်းကျောင်းများအနေဖြင့် လက်မှတ်ရစီးပွားရေးစာရင်းကိုင်ပညာ နှစ်နှစ်သင်တန်းများကို ၂၀၂၂ ခုနှစ် ဇွန်လတွင် ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး အဆိုပါသင်တန်းကျောင်းများသို့ အခြေခံပညာအဋ္ဌမတန်း(စနစ်ဟောင်း)/Grade 10 (စနစ်သစ်) အောင်မြင်ပြီးသူများတက်ရောက်နိုင်ပြီး ထူးချွန်သူများအနေဖြင့် သမဝါယမကောလိပ်များသို့ ပေါင်းကူးတက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ သင်တန်း ပထမနှစ်တွင် Business Accounting (စာရင်းရေး စာရင်းကိုင်ပညာ)၊ Fundamentals of ICT၊ သမဝါယမပညာ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒဘာသာရပ်များနှင့် ဒုတိယနှစ်တွင် Cost Accounting၊ Financial Accounting၊ Com- puterized Accounting၊ Business Organization and Management၊ သမဝါယမစာရင်းကိုင်ပညာနှင့် စာရင်းစစ်ဆေးခြင်း၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒဘာသာရပ်များကို သင်ကြားပို့ချပေးလျက်ရှိသည်။ သင်တန်းဒုတိယနှစ် အောင်မြင်ပြီးသူများမှ ဘာသာစုံအောင်မှတ်ရရှိပြီး အထူးပြုဘာသာရပ်များတွင် ဂုဏ်ထူးမှတ်ရရှိသူများနှင့် သင်္ချာဘာသာဂုဏ်ထူးမှတ်ရရှိသူများသည် သမဝါယမကောလိပ်များသို့ ပေါင်းကူးတက်ရောက်၍ ပညာဆက်လက်သင်ယူ နိုင်ခွင့်ရရှိမည်ဖြစ်ပြီး သင်တန်းကာလနှစ်နှစ် အောင်မြင်ပြီးပါက Certificate in Business Accounting လက်မှတ်ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်