Skip to main content

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တည်ထောင်ခြင်း နှစ် (၆၀) ပြည့်အထိမ်းအမှတ် ယဉ်ကျေးမှုဖလှယ်ပွဲ ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁၁

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တည်ထောင်ခြင်း နှစ် (၆၀) ပြည့်အထိမ်းအမှတ် အခမ်းအနားနှင့် ကိုးနိုင်ငံယဉ်ကျေးမှုဖလှယ်ပွဲ (YUFL Cultural Exchanges 2024) အခမ်းအနားကို ဇန်နဝါရီ ၁၀ ရက်က ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်၊ တက္ကသိုလ်အသီးသီးမှ ဒုတိယပါမောက္ခချုပ်ဆရာမကြီးများ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

ယဉ်ကျေးမှုဖလှယ်ပွဲတွင် မြန်မာအပါအဝင် နိုင်ငံကိုးနိုင်ငံ၏ အစားအသောက်များကို ဘာသာရပ်အသီးသီးမှ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများက ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်၍ ဘာသာရပ်အချင်းချင်း အပြန်အလှန်ဖလှယ် ကျွေးမွေးခြင်း အစီအစဉ်ဖြစ်သည့် Food Sharing Program ကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က အမှာစကားပြောကြားကာ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာ ကြည်ရွှင်က ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် ဂျပန်ဘာသာဌာန၊ အင်္ဂလိပ်ဘာသာဌာန၊ မြန်မာဘာသာဌာန၊ ရုရှားဘာသာဌာန၊ တရုတ်ဘာသာဌာန၊ ဂျာမန်ဘာသာဌာန၊ ထိုင်းဘာသာဌာန၊ ပြင်သစ်ဘာသာဌာန၊ ကိုရီးယားဘာသာဌာနတို့မှ ကျောင်းသားကျောင်းသူများက နိုင်ငံကိုးခု၏ ဝတ်စားဆင်ယင်မှုနှင့် အကများဖြင့် ပါဝင်ယှဉ်ပြိုင်ကြပြီး မေ့မရနိုင် YUFL သီချင်းဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။

ဆန်းကျော်ဦး (ပြန်/ဆက်)