မြိတ် ဇန်နဝါရီ ၁၁
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၁၁ ရက် နံနက် ၁၀ နာရီက မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာအစည်းအဝေးခန်းမ၌ကျင်းပသည့် တိုင်းဒေသကြီးစက်သုံးဆီလုပ်ငန်းရှင်များအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအတွင်း စက်သုံးဆီတင်သွင်းဖြန့်ဖြူး ဆောင်ရွက်နေမှုနှင့်ပတ်သက်ပြီး ဆီဈေးနှုန်းကို သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချရန်လိုအပ်ကြောင်း၊ အထူးသဖြင့် ငါးဖမ်းစက်လှေနှင့်ရေလုပ်ငန်းများ လုပ်ကြတာဖြစ်သည့်အတွက် သတ်မှတ်သည့်ဈေးနှုန်းဖြင့် ရောင်းချကြရန် စဉ်းစားရမည်ဖြစ်ကြောင်း။
တင်သွင်းသူနှင့် သုံးစွဲသူညီမျှအောင် ညှိနှိုင်းကြရန်လိုကြောင်း၊ ကုန်တင်ယာဉ် ကုန်စည်သယ်ယူ ပို့ဆောင်စရိတ်သည် ဆီဈေးနှုန်းကိုအခြေခံသည့်အတွက် စားသုံးသူများ သက်သောင့်သက်သာဖြစ်အောင် လုပ်ကြရမည်ဖြစ်သည့်အတွက် နှစ်ဦးနှစ်ဖက် ညီမျှရန်လိုအပ်ကြောင်း၊ စက်သုံးဆီ တင်သွင်းရောင်းချပေးရာတွင် တစ်ဂါလန်လျှင် သတ်မှတ်ထားသည့် ချင်တွယ်မှုမှန်ကန်စေရန် လိုအပ်ကြောင်း၊ ဆီ၏ အရည်အသွေးကောင်းမွန်ရန်လိုအပ်ကြောင်း၊ စက်သုံးဆီတင်သွင်းသည့် နေရာတွင်လည်း တင်သွင်းလာသည့်အတိုင်း နိုင်ငံတော်သို့အခွန်များကို တိကျမှန်ကန်စွာ ပေးဆောင်ရန်လိုအပ်ကြောင်း၊ ဆီများကိုအန္တရာယ်မဖြစ်အောင် စနစ်တကျသိုလှောင်ထားရှိရန် လိုအပ်ကြောင်း၊ စက်သုံးဆီဈေးနှုန်းကို သင့်တော်သည့်ဈေးနှုန်းသတ်မှတ်ပြီး မျှမျှတတဖြစ်အောင်ဆောင်ရွက်ပါက အဆင်ပြေနိုင်ကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးကတိုင်းဒေသကြီးအတွင်း စက်သုံးဆီတင်သွင်းဖြန့်ဖြူးဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန တိုင်းဒေသကြီး ကြီးကြပ်စစ်ဆေးရေးအရာရှိ ဦးအောင်ဇော်ချစ်က ဒေသအလိုက်စက်သုံးဆီများ တင်သွင်းဖြန့်ဖြူးရောင်းချ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တက်ရောက်လာကြသည့် စက်သုံးဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များကလုပ်ငန်းအလိုက် စက်သုံးဆီများ တင်သွင်းဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)