Skip to main content

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ဇန်နဝါရီ ၁၄ ရက်တွင် ၂၀၂၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး ပညာရေးစုံညီပွဲတော်ကျင်းပရေး စီစဉ်ဆောင်ရွက်နေ

‌ရန်ကုန် ဇန်နဝါရီ ၁၁

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ပြည်သူ့ရင်ပြင်၌ ဇန်နဝါရီ ၁၄ ရက်တွင်ကျင်းပမည့် ၂၀၂၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး ပညာရေးစုံညီပွဲတော်ကျင်းပရေး စီစဉ်ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချိုချိုမြတ်အောင်က အခမ်းအနားအစီအစဉ်များနှင့် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ပညာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ပံ့ပိုးမှုဖြင့်ကျင်းပမည့် ပညာရေးစုံညီပွဲတော်ဖွင့်ပွဲ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကို ခမ်းနားထည်ဝါစွာကျင်းပနိုင်ရေး၊ ပညာပေးပြခန်းများကို ပြည့်စုံစွာခင်းကျင်းပြသ ရှင်းလင်းနိုင်ရေး မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ခရိုင်၊ မြို့နယ်အလိုက်ပြသမည့် ပညာရေးပြခန်းများ၊ စက်မှုလက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးကျောင်းပြခန်းများ၊ စာအုပ်အရောင်းပြခန်းများ ပြင်ဆင်ဆောင်ရွက်နေမှုများကိုလှည့်လည် ကြည့်ရှုပြီးလိုအပ်သည်များကို မှာကြားသည်။

ပညာရေး စုံညီပွဲတော်တွင် ခရိုင်၊ မြို့နယ်အလိုက် ပညာရေးပြခန်းများ ခင်းကျင်းပြသမည်ဖြစ်ရာ ပန်းဆယ်မျိုးနှင့် ကျောင်းကျန်းမာရေးပြခန်း၊ မူးယစ်ဆေးဝါးအသိပညာပေးပြခန်း၊ ICT Project ပြခန်း၊ ပန်းချီ၊ ပန်းပုပြခန်း၊ အိမ်တွင်းမှုလက်မှုပညာ ပြခန်း၊ ဘာသာရပ်ဆိုင်ရာသင် ထောက်ကူပစ္စည်းများပြခန်း၊ စက်မှုအထူးပြုပြခန်း၊ မွေးမြူရေးအထူးပြုပြခန်း၊ ကျောင်းကျန်းမာရေး၊ အနုပညာ(ဂီတ)၊ ကျောင်းစာကြည့်တိုက်ပြခန်း၊ ရေအားလျှပ်စစ်၊ မြန်မာစာ၊ ဒြပ်နှောခွဲထုတ်ခြင်းပြခန်း၊ အိမ်တွင်းလက်မှုလုပ်ငန်း၊ သိပ္ပံလက်တွေ့ခန်း၊ ကျောင်းပြင်ပ ပညာရေးပြခန်း၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးပြခန်း၊ ဒေသထွက်လုပ်ငန်းပြခန်းနှင့် ပညာတန်ဆောင်ပြခန်းများပါဝင်ပြီး စုစုပေါင်း ၃၈ ခန်း ပါ၀င်ပြသမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်