နေပြည်တော် ဇန်နဝါရီ ၁၁
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျောက်ပန်းတောင်းမြို့ မြို့ဦးအောင်စေတီဓမ္မာရုံ၌ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်များ၊ တိုင်းဒေသကြီး သံဃနာယကဆရာတော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်များအား ဖူးမြော်ကြည်ညိုပြီး ကျောက်ပန်းတောင်းမြို့ စိတ္တပါလဂူစာသင်တိုက် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာ ပဏ္ဍိတဘဒ္ဒန္တဇဋိလထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်ထံမှ ဩဝါဒခံယူကာ ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။
ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဆရာတော်အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများ၊ ဥပ္ပါတသန္တိကျမ်း စာအုပ်များ၊ ဂီရိမာနန္ဒကျမ်းစာအုပ်များကို ဆက်ကပ်လှူဒါန်းပြီး စိတ္တပါလဂူစာသင်တိုက်၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသုမနဓဇထံမှ ရေစက်ချတရား နာယူကြည်ညိုကြသည်။
ဆက်လက်၍ နေပြည်တော်ဥပ္ပါတသန္တိ စေတီတော်တွင် အနေကဇာတင် ပူဇော်ပြီးသော ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားဆင်းတုတော် ၁၀၀၈ ဆူနှင့် ဥပ္ပါတသန္တိ ကျမ်းစာအုပ်များကို ပြည်ထောင်စု ဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ကျောက်ပန်းတောင်းမြို့နယ်ရှိ အများပြည်သူများ ကိုးကွယ်ပူဇော်နိုင်ရန်အတွက် ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးကြီး အောင်ဇော်မိုးနှင့် မြို့မိမြို့ဖများထံ လှူဒါန်းသည်။
ယင်းနောက် ကျောက်ပန်းတောင်းမြို့နယ် ကုန်းတော်ကြီးမင်္ဂလာစေတီ၌ အသံမစဲဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဆိုပူဇော်နေမှုကို သွားရောက်ကြည်ညိုနာယူ ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် မြတ်ရွှေဂူစာသင်တိုက်ဆရာတော် ဘဒ္ဒန္တသုဇာတအရှင်သူမြတ်နှင့် မြို့နယ် သံဃနာယကအဖွဲ့ဝင် ဘဒ္ဒန္ဒဣန္ဒက အရှင်သူမြတ်တို့အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ကျောက်ပန်းတောင်း မြို့အတွက် တည်ဆောက်လျက်ရှိသည့် မြို့တော်ခန်းမနေရာသို့ ဝင်ရောက်ကြည့်ရှုရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက မြို့တော်ခန်းမတည်ဆောက်ပြီးစီးမှုအခြေအနေကို ရှင်းလင်းတင်ပြသည်။ ပြည်ထောင်စုဝန်ကြီးကကျောက် ပန်းတောင်းမြို့အတွက် အကျိုးရှိသောမြို့တော်ခန်းမဖြစ်သည့်အတွက် အရည်အသွေး၊ စံချိန်စံညွှန်းကောင်းမွန်စွာဖြင့် သတ်မှတ်ကာလအတွင်းပြီးစီးအောင် တည်ဆောက်သွားရန် မှာကြား သည်။
ယင်းနောက် ကျောက်ပန်းတောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စကာဝါမြေခန်းမတွင် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်နှင့် ဘာသာရေးဆိုင်ရာဓလေ့ထုံးစံများကို အလေးထားစေရေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်