Skip to main content

ရန်ကုန်မြို့၌ (၈၆) နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁၁

ယနေ့ကျရောက်သည့် (၈၆) နှစ်မြောက် ကရင်နှစ် ၂၇၆၃ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေကြီး သာကေတမြို့နယ် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ရှေးဦးစွာ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အခမ်းအနားကို ပြည်ထောင်စုခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆာင် ဦးစောထွန်းအောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးတို့က ဖားစည်တီး၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်က နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် မိမိတို့ကရင်လူမျိုးများသည် ခေတ်အဆက် ဆက် အမြတ်တနိုးတန်ဖိုးထားကြသည့် ကရင်ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သော ကရင်လူမျိုးတို့၏ ဘာသာစကား၊ စာပေ၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုနှင့် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများကို “မျိုးချစ်စိတ်ဓာတ်ဖြင့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြပါ၊ ကရင်လူမျိုးတို့၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး‌ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် ညီအစ်ကိုတိုင်းရင်းသားများနှင့် အတူတကွ လက်တွဲစောင့်ရှောက်၍ “ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး ကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တက်ညီလက်ညီ ကြိုးပမ်းတည်ဆောက်ကြပါဟု တိုက်တွန်းနှိုးဆော်ရင်း နှစ်သစ်ကူးနေ့မှ တစ်နှစ်တာပတ်လုံး လုပ်ငန်းတိုင်း စီးပွားရေးအဆင်ပြေကြပြီး ဘေးဒုက္ခအပေါင်း ကင်းဝေးပါစေကြောင်း ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက နှုတ်ခွန်းဆက်စကားပြောကြားပြီး တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက ကရင်အမျိုးသားနှစ်သစ်ကူးနေ့အကြောင်းကို ရှင်းလင်းပြောကြားသည်။

ကရင်နှစ်သစ်ကူးနေ့တွင် တိုင်းရင်းသားကျေးရွာ ပြည်ထောင်စုခန်းမ၌ ကရင်ရိုးရာပျားဖွပ်ပြိုင်ပွဲ၊ ကရင်ရိုးရာတေးသီချင်းနှင့်ဒုံးအကများ၊ ပြည်ထောင်စုခန်းမအနီး ပေ ၄၀၀ ကွင်း၌ ရိုးရာလက်ဝှေ့ပြိုင်ပွဲ၊ ဘောလုံးကွင်းဟောင်းတွင် DJ အကနှင့် စတိတ်ရှိုးတို့ဖြင့် ဖျော်ဖြေခဲ့ရာ ကရင်တိုင်းရင်းသားများနှင့် အများပြည်သူတို့ဖြင့် စည်ကားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တန်ဖိုးနည်းထမင်း၊ ဟင်းများကို ရောင်းချပေးခဲ့သည့်နည်းတူ တိုင်းရင်းသားရေးရာဝန်ကြီးဦးဆောင်သော တိုင်းဒေသကြီးကရင်နှစ်သစ်ကူးကျင်းပရေးကော်မတီက ကရင်ရိုးရာထမင်း၊ ဟင်းများဖြင့် ကျွေးမွေးခဲ့ကြောင်း သိရသည်။

ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ- ကနူး