Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၁၁

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာရှိ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်သည့် နေပြည်တော်အုတ်စက်ရုံသို့သွားရောက်၍ စက်ရုံအတွင်း အုတ်များထုတ်လုပ်နေသည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက အုတ်အရည်အသွေး စံချိန်စံညွှန်းများ ပြည့်မီအောင်အလေးအနက်ထား ထုတ်လုပ်ရန်၊ ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုတိုးတက် အောင်ဆောင်ရွက်ရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဂရုပြု ရန်နှင့်လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ် ဇလောင်းကျေးရွာအုပ်စု ပျဉ်းမနား-တောင်ညိုလမ်းဘေးရှိ ကွင်းအမှတ် (၁၈၈၀)တွင် နွေစပါး စိုက်ပျိုးရန် ဆည်ရေရရှိမှု၊ ဆင်လူးငန်းစပ်ဆည်မှ စိုက်ပျိုးရေပေးဝေမှုနှင့် တောင်သူများ စီတာအစေ့ချစိုက်ပျိုးနည်းစနစ်ဖြင့် နွေစပါးစိုက်ပျိုးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများက လက်ရှိစိုက်ပျိုးထားသည့် သီးနှံများ၏အခြေအနေများနှင့် ယခင်ထွက်ရှိသည့် ထွက်နှုန်းများကိုတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက စပါးအပါအဝင် ဆီထွက်သီးနှံများ၊ ဆောင်းသီးနှံများ၊ နွေသီးနှံများကို တစ်ဧကပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းစသည့်နည်းစနစ်များကို လစ်ဟာမှုမရှိ စနစ်တကျလိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြေများကိုလှပ်ထားခြင်းမပြုရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်ကောင်းမွန်အောင် စိုက်ပျိုးကြစေလိုကြောင်းနှင့် လိုအပ်သည်များကို မှာကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဉာဏအောင်မြေလမ်းတံတားနှစ်စင်း ချဉ်းကပ်လမ်းပေါ်ရှိ ကွန်ကရစ်လမ်းသားပျက်စီးမှုကို ကျောက်ကတ္တရာခင်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ Diplomatic Zone Development Project ဆောင်ရွက်မည့်မြေနေရာနှင့် သဒ္ဒမ္မဝေပုလ္လ ပရိယတ္တိစာသင်တိုက်တည်ဆောက်မည့် မြေနေရာ၊ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ မြတ်မင်္ဂလာလမ်းနှင့် မာရဝိဇယဘုရား အဝင်လမ်းဆုံနေရာတွင် ကားပါကင်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားသည်။

ဆက်လက်၍ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး တောင်ဘက်တပေါင်းကွင်းအတွင်း (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ဒေသထွက် MSME ကုန်ထုတ်လုပ်ငန်းများနှင့် ပတ်သက်၍ One Region One Product ထုတ်ကုန်များ အပါအဝင် ပြည်ပကိုတင်ပို့ရောင်းချနေသည့် MSME ထုတ်ကုန်နှင့် ရိုးရာအစားအစာ ခင်းကျင်းပြသရောင်းချနိုင်ရေးအတွက် ဆိုင်ခန်းများတည်ဆောက်မည့်နေရာများကို သွားရောက်ကြည့်ရှုစစ်ဆေး ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်