Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ မြစ်ကြီးနားမြို့၌ (၇၆) နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာရရှိသူများအား ဆုများအပ်နှင်းချီးမြှင့်ပွဲသို့ တက်ရောက်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံ

မြစ်ကြီးနား ဇန်နဝါရီ ၁၁

(၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားများ တက်ရောက်ရန် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ဇန်နဝါရီ ၁၁ ရက် မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာရရှိသူများအား ဆုများအပ်နှင်းချီးမြှင့်ပွဲအခမ်းအနား တတိယနေ့သို့ တက်ရောက်သည်။

အခမ်းအနားတွင် ဆုများချီးမြှင့်အပ်နှင်းရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုက ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းနိုင်ရေး စိစစ်ရွေးချယ်ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ထို့နောက် ဆုများကို ချီးမြှင့်အပ်နှင်းရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက လူမှုရေးဆိုင်ရာထူးချွန်ဆု(ပထမအဆင့်)နှင့် ဒုတိယအဆင့်ရရှိသူများ၊ စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု (ဒုတိယအဆင့်) ရရှိသူများအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာတို့က စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု (တတိယအဆင့်) ရရှိသူများအားလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက စီးပွားရေးဆိုင်ရာ ထူးချွန်ဆု (တတိယအဆင့်) ရရှိသူများနှင့် လူမှုရေးဆိုင်ရာထူးချွန်ဆု (တတိယအဆင့်) ရရှိသူများအားလည်းကောင်း ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က မှတ်တမ်းတင်ဂုဏ်ပြုမှတ်တမ်းလွှာ ရရှိသူများအားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဆုရရှိသူများနှင့်အတူ အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံ စုပေါင်းရိုက်ကူးခဲ့ကြသည်။

အဆိုပါ (၇၆) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာများကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်တည်ငြိမ်းအေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်စုံ၊ ထောင့်စုံ၊ ကဏ္ဍစုံမှ စွမ်းစွမ်းတမံ ထူးချွန်စွာဆောင်ရွက်ခဲ့ကြသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများအား ဥပဒေပါအတိုင်း စိစစ်ရွေးချယ်၍ စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု (ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့်) ရရှိသူဦးရေစုစုပေါင်း (၁၃၅)ဦး၊ စီးပွားရေးဆိုင်ရာ ထူးချွန်ဆု(ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့်) ရရှိသူဦးရေစုစုပေါင်း (၂၉)ဦးတို့နှင့် လူမှုရေးဆိုင်ရာ ထူးချွန်ဆု (ပထမ၊ ဒုတိယနှင့်တတိယအဆင့်) ရရှိသူဦးရေစုစုပေါင်း (၁၅၃)တို့နှင့် မှတ်တမ်းတင်ဂုဏ်ပြုမှတ်တမ်းလွှာရရှိသူ (၂၆၂) ဦး၊ အဆင့်မြင့် ပညာနှင့်အခြေခံပညာတို့မှ စာစီစာကုံးနှင့်ကဗျာဆုရ ၂၅ ဦး စုစုပေါင်းလူပုဂ္ဂိုလ်အဖွဲ့အစည်း (၆၀၄)ဦး တို့အား ဇန်နဝါရီ ၉ ရက်နေ့မှစတင်၍ ယနေ့အထိ (၃)ရက်တာ အခမ်းအနားဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်နန်ဆိုင်းနှင့်အတူ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်/ ခရိုင်/ မြို့နယ်အဖွဲ့ဝင်များနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်သည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က မိမိတို့နိုင်ငံ၏ လူဦးရေ၏ ထက်ဝက်သည် အမျိုးသမီးများဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ သို့ရာတွင် မိမိတို့အမျိုးသမီးများ၏ စွမ်းဆောင်ရည်နှင့် စိတ်ဓာတ်မြင့်မားလာစေရေးကို လေ့ကျင့်ပျိုးထောင်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးသည် မိမိတို့အမျိုးသမီးနှင့် မသက်ဆိုင်သည့်ကိစ္စဟုမမှတ်ယူဘဲ စဉ်ဆက်မပြတ်လေ့လာပြီး ပိုမိုကောင်းမွန်သည့် နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်ကြမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ပြည်နယ်အတွင်းရှိ အမျိုးသမီးများ ဘဝမြှင့်တင်ရေး၊ ဝင်ငွေတိုးပွားရေးနှင့် စွမ်းဆောင်ရည် မြင့်မားရေးအတွက် ယနေ့တက်ရောက်လာကြသည့် အဖွဲ့ဝင်များအနေဖြင့် လက်တွဲခေါ်ဆောင်နိုင်ရေး အကောင်အထည် ဖော်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိအနေဖြင့် အမျိုးသမီးတစ်ဦးဖြစ်သကဲ့သို့ မိမိတို့ကဲ့သို့ အနာဂတ်အမျိုးသမီးများဘဝ မြင့်မားရေး၊ စိတ်ဓာတ်၊ စွမ်းရည်ပြည့်ဝပြီး အိမ်ထောင်တာဝန်ကျေပွန်သည့် မိခင်ကောင်းများ ပေါ်ထွန်းလာစေရေးကို စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင်ပေးသွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းအားပေး ပြောကြားသည်။

ထို့နောက် ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်နန်ဆိုင်းက ကျေးဇူးတင်စကားပြောကြားပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လွင်လွင်မော်က ကချင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့၏ ပြည်နယ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်က လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း အသိးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပြည်နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ လှုပ်ရှားမှုများကို စိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်ခဲ့ခြင်းကြောင့် ပြည်နယ်အစိုးရအဖွဲ့က လူမှုထူးချွန်ဆုချီးမြှင့်ခဲ့ရသည့်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် (၃)ဦးတို့က ဂုဏ်ပြုပန်းစည်းပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ တက်ရောက်လာကြသည့် အဖွဲ့ဝင်များနှင့်အတူ လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံပြန်ခန်းငယ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ရုံးများအား အကြီးစားပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။