ပုသိမ် ဇန်နဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ မြစိမ်းရောင်တောင်တော်၌ကျင်းပသည့် “ထူးချင်ဖူးစမ်း မြစိမ်းရောင်ပြခန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတောင်တော်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံကရင်တိုင်းရင်းသား၊ တိုင်းရင်းသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြခန်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြခန်းအလှူရှင်များနှင့်အတူပြခန်းများကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် တာဝန်ရှိသူများနှင့်အတူ ကရင်ရိုးရာယဉ်ကျေးမှုပြခန်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(မြောင်းမြ)ပြခန်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနပြခန်း၊ ဝါးခယ်မ၊ အိမ်မဲ၊ မြောင်းမြမြို့နယ်ပြခန်း၊ မြောင်းမြခရိုင် ဆန်စက်လုပ်ငန်းရှင်များပြခန်း၊ မြစိမ်းရောင်တောင်တော်သို့ ဒေသခံများမှ လာရောက်လှူဒါန်း စုဆောင်းထားသော ကြေးထည်ပစ္စည်းများနှင့် အသုံးအဆောင်များ၊ ငွေထည်ပစ္စည်းများနှင့် အသုံးအဆောင်များ၊ ဘုရားစေတီများ၊ ငွေဖလားနှင့်အသုံးအဆောင်ပစ္စည်းများ၊ ရှေးဟောင်းဘုရားများနှင့် ရှေးဟောင်းကျောက်များအား လှည့်လည်ကြည့်ရှုသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် တာဝန်ရှိသူများနှင့်အတူ ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ်ဖွင့်လှစ်သည့် မြစိမ်းရောင်သာသနာ့နယ်မြေ ကွန်ကရစ်လမ်းသစ်များနှင့် ဂဝံလမ်းသစ်ဖွင့်ပွဲအခမ်းအနားတက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းသစ်များနှင့် ဂဝံလမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယနေ့ဖွင့်လှစ်သည့်လမ်း သည်ကွန်ကရစ်လမ်း (၁မိုင်၊ ၄ဒသမ၁၇) ဖာလုံ၊ ကတ္တရာလမ်းအတိုင်းအတာအားဖြင့် (၃ဒသမ၅) ဖာလုံနှင့် ဂဝံလမ်း (၄ဒသမ၀၁) ဖာလုံ၊ စုစုပေါင်း အတိုင်းအတာ (၂မိုင်၊ ၄ဒသမ၂၂) ဖာလုံအား (၂) နှစ်တာ ကာလအတွင်း အလှူရှင်များက ထည့်ဝင်လှူဒါန်းပြီး ကိုယ်ထူကိုယ်ထ ဖောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ်၊ (၈၆) နှစ်မြောက်၊ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ မြစိမ်းရောင်တောင်တော်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ဖားစည်ကိုးချက်တီး၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ကရင်ရိုးရာယဉ်ကျေးမှုဒုံးအဖွဲ့က ဂုဏ်ပြုကပြဖျော်ဖြေသည်။ ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သဝဏ်လွှာအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ဖတ်ကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က နှစ်သစ်နှုတ်ခွန်းဆက်စကားများ ပြောကြားသည်။
ဆက်လက်၍ ငုအိုင်ဆရာတော် ဘဒ္ဒန္တသေဋိလနှင့် ကက်သလစ်သာသနာ ဘုန်းတော်ကြီးဖာသာရ်ဝီးလ်ဖရက် မန်းမြင့်စိုးတို့က နှစ်သစ်နှုတ်ခွန်းဆက်စကားများပြောကြား၍ ဆုတောင်းမေတ္တာများပို့သခဲ့ပြီး တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှပေးပို့သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သဝဏ်လွှာအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးကဖတ်ကြားကာ တိုင်းဒေသကြီးကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက ကရင်နှစ်သစ်ကူးနေ့အကြောင်း သိကောင်းစရာများနှင့် ကျေးဇူးတင်စကားများ ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် ကရင်တိုင်းရင်းသားလူငယ်များက ကရင်နှစ်သစ်ကူးသီချင်း ဂုဏ်ပြုသီဆိုမှုကို ကြည့်ရှုအားပေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအတွက် ဂုဏ်ပြုငွေချီးမြှင့်ခဲ့ကြောင်း သိရသည်။