Skip to main content

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် အလွတ်တန်းဆောင်းပါးပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

နေပြည်တော် ဇန်နဝါရီ ၁၀

၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနသည် ၂၀၂၄ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် အလွတ်တန်းဆောင်းပါးပြိုင်ပွဲကို “အရှိန်အဟုန်ဖြင့်တိုးတက်ရေး အမျိုးသမီးများတွင် မြှုပ်နှံပေး” ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။

၂။ ပြိုင်ပွဲဝင်ဆောင်းပါးကို အမျိုးသမီးများ၏အခွင့်အရေးကို ကာကွယ်ခြင်း၊ ကျား၊ မ တန်းတူညီမျှမှုကို မြှင့်တင်ခြင်းနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးမြှုပ်နှံမှုများနှင့်စပ်လျဉ်းသည့် အကြောင်းအရာများဖြင့် အောက်ဖော်ပြပါ စည်းကမ်းချက်များနှင့်အညီ ရေးသားပေးပို့ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်-

(က) ပြိုင်ပွဲသို့ မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။

(ခ) ပြိုင်ပွဲဝင်များသည် သတ်မှတ်ထားသောခေါင်းစဉ်အောက်မှ မိမိကြိုက်နှစ်သက်ရာပုံစံဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

(ဂ) ပြိုင်ပွဲဝင်ဆောင်းပါးများကို A4 ဆိုဒ် စာမျက်နှာအနည်းဆုံး ၁၀ မျက်နှာမှ အများဆုံး ၁၅ မျက်နှာအထိ ရေးသားယှဉ်ပြိုင်ရမည်ဖြစ်သည်။

(ဃ) ကွန်ပျူတာစာလုံး Myanmar Unicode (Pyidaungsu Font) စာလုံးအရွယ်အစား-၁၄ (Font Size 14 ) စာကြောင်းအကွာအဝေး ၁.၅ (Line Spacing 1.5)၊ စာရွက်ဘောင်ဆိုဒ် ၁ လက်မပတ်လည် (Margins 1"ပတ်လည်) Microsoft Word ဖြင့် ကွန်ပျူတာစာစီ၍ ရေးသားပေးပို့ရမည်ဖြစ်ပါသည်။

(င) ပြိုင်ပွဲဝင်များပေးပို့သည့်စာမူများသည် မိမိကိုယ်တိုင်ဖန်တီးရေးသားထားသည့် စာမူဖြစ်ပြီး ပေးပို့လာသည့်စာမူသည် ဂျာနယ်၊ မဂ္ဂဇင်းများနှင့် မီဒီယာများတွင် ဖော်ပြထားပြီးသည့် စာမူများမဖြစ်စေရပါ။          

(စ) ဆုရွေးချယ်ခံရခြင်းမရှိသောဆောင်းပါးများအား ပြန်လည်ပေးပို့မည်မဟုတ်ပါ။

(ဆ) ပြိုင်ပွဲဝင်ဆောင်းပါးကို ပြိုင်ပွဲကျင်းပသည့်ဌာနအနေဖြင့် အများပြည်သူ့အကျိုးငှာ ပြပွဲများ၊ စာအုပ်စာစောင်များ၊ website များ၊ လက်ကမ်းစာစောင်များ၊ သင်ခန်းစာပို့ချမှုများနှင့် ဗီဒီယိုမှတ်တမ်းများ၌ အသုံးပြုခြင်းကို ပြိုင်ပွဲဝင်သူမှ သဘောတူခွင့်ပြုရပါမည်။  

၃။ ပြိုင်ပွဲဝင်ဆောင်းပါးများကို ပညာရှင်များပါဝင်သော ဆောင်းပါးစိစစ် ဆုရွေးချယ်ရေးဘုတ်အဖွဲ့ဖြင့် ပွင့်လင်းမြင်သာမှုရှိစွာ စိစစ်ရွေးချယ်သွားမည်ဖြစ်ပါသည်။ ဆုများကို ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုနှစ်ဆု စုစုပေါင်း ငါးဆုကို ချီးမြှင့်မည်ဖြစ်ပြီး ထိုက်တန်သည့် ဆုငွေနှင့် ဆုတံဆိပ်များ ချီးမြှင့်သွား မည်ဖြစ်ပါသည်။

၄။ ပြိုင်ပွဲဝင်စာမူနှင့်အတူ ကိုယ်တိုင်ဖန်တီးရေးသားထားကြောင်း ဝန်ခံကတိပြုလွှာ၊ ပြိုင်ပွဲဝင်သူ၏ အမည်၊ မှတ်ပုံတင်/နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် ကိုယ်ရေးရာ ဇဝင်အကျဉ်း၊ ရောင်စုံဓာတ်ပုံ သုံးပုံ၊ ဆက်သွယ်ရန်လိပ်စာအပြည့်အစုံ၊ ဖုန်းနံပါတ်တို့နှင့်အတူ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ၊ အီးမေးလ်ဖြင့်ဖြစ်စေ ညွှန်ကြားရေးမှူးချုပ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရုံးအမှတ်-၂၃၊ နေပြည်တော်၊ (တယ်လီဖုန်းအမှတ်၊ ၀၆၇-၄၀၄၂၅၁၊ ၀၉-၂၀၁၉၃၅၇၊ အီးမေးလ် dswwdd2022@gmail.com သို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေ ၅ နာရီ နောက်ဆုံးထား၍ ဆက်သွယ်ပေးပို့နိုင်ပါသည်။ (အီးမေးလ်ဖြင့် ပေးပို့ပါက Word Document အပြင် PDF ဖတ်၍ ပေးပို့ပါရန်။)

၅။ သတ်မှတ်ရက်ကျော်လွန်ခြင်း သို့မဟုတ် သတ်မှတ်စည်းကမ်းချက်များနှင့် မပြည့်စုံခြင်း စသည့် စာမူများကို ဆုရွေးချယ်ရေးတွင် ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ ဆုရရှိသူများကို ၂၀၂၄ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်း အနားတွင် ဆုချီးမြှင့်မည်ဖြစ်ပါ သည်။

လူမှုဝန်ထမ်းဦးစီးဌာန