မြစ်ကြီးနား ဇန်နဝါရီ ၁၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ မွန်းလွဲ ၃ နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းရှေ့၌ ကျင်းပသည့် (၇၆) နှစ်မြောက် ကချင်ပြည်နယ် နေ့အထိမ်းအမှတ် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဆုများပေးအပ်ချီးမြှင့်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကချင်ပြည်နယ်သည် မတူကွဲပြားခြားနားသည့် မြေနိမ့်မြစ်ဝှမ်း လွင်ပြင်များမှသည် ရေခဲဖုံးလွှမ်းသည့်တောင်မြင့်များအထိ ဂေဟဇုန် အမျိုးမျိုးပါဝင်ပြီး ကောက်ပဲသီးနှံမျိုးစုံ၊ သစ်သီးဝလံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းသည်ကိုတွေ့ရပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စားရေရိက္ခာပေါများပြီး နိုင်ငံသူ၊ နိုင်ငံသားများအားလုံး စားနပ်ရိက္ခာဖူလုံစွာဖြင့် အာဟာရပြည့်ဝစွာ ရရှိရေးအတွက် မူဝါဒများချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များကို ဘေးအန္တရာယ်ကင်းရှင်းပြီး ဈေးကွက်ပိုမိုရရှိစေရန်နှင့် သာယာလှပသည့်မြစ်ချောင်း၊ တောတောင်ရေမြေ သဘာဝများကို မပျက်စီးမထိခိုက်စေရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) ကျင့်စဉ်ကို လိုက်နာကျင့်သုံးရန် လိုအပ်မည်ဖြစ်ကြောင်း၊ အနာဂတ်တွင်တိုးပွားလာမည့်လူဦးရေ စားသုံးရန်အတွက်သာမက၊ စိုက်ပျိုးရေးထွက်ကုန်ကို အခြေခံသည့် (MSME) လုပ်ငန်းများကိုအားပေးကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးကို ဆောင်ရွက်နေပါကြောင်း။
ထို့အပြင် ၂၀၂၄ ခုနှစ်သည်အားကောင်းသော အယ်နီညိုဖြစ်စဉ် ရာသီဥတုကြောင့် အပူလွန်ကဲခြင်း၊ မြေပေါ်ရေကန်များ ခန်းခြောက်ခြင်း၊ မြေအောက် ရေမျက်နှာပြင်နိမ့်ကျ ခြင်းများ ဖြစ်ပေါ်နိုင်ပြီး စိုက်ပျိုးရေနှင့် သောက်သုံးရေအခက်အခဲဖြစ်ပေါ် လာနိုင်သည်ကို သတိထားရမည်ဖြစ်ပြီး ကြိုတင်ပြင်ဆင်မှုများကိုလည်း ဆောင်ရွက်ထားရမည်ဖြစ် ကြောင်း၊ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေပါ ရည်ရွယ်ချက်များနှင့် ဦးဆောင်အဖွဲ့၏ လုပ်ငန်းတာဝန်များတွင် ပါဝင်သည့် “ တောင်သူလယ်သမားများအတွက် နည်းပညာ၊ သွင်းအားစု (မျိုးစေ့၊ ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာ) များကို လွယ်ကူအဆင်ပြေစွာ ရရှိသုံးစွဲနိုင်ရေး၊ ဈေးကွက်ရရှိရေး အတွက် ပံ့ပိုးကူညီစီမံဆောင်ရွက်ရန်” ဆိုသည့် ပြဋ္ဌာန်းချက်နှင့်အညီ ယခုကဲ့သို့ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ အရည်အသွေးကောင်း ထုတ်လုပ်သည့် သီးနှံထုတ်ကုန်များသည်ဒေသအတွက် နိုင်ငံခြား ဝင်ငွေများစွာရရှိစေမည်ဖြစ်သည့်အတွက် အစိုးရဌာနနှင့် ပုဂ္ဂလိကတောင်သူများ ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံ့အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပြည်နယ်ဦးစီးမှူးက ပြိုင်ပွဲကျင်းပ ရခြင်းနှင့်ပတ်သက်ပြီး အမှတ်ပေးစည်းမျဉ်း များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်ဦးစီးမှူးများက သီးနှံ/ပန်းမန်အမျိုးအစားအလိုက် ပြိုင်ပွဲတွင်ဆုရရှိသည့် တောင်သူပုဂ္ဂလိကလုပ်ငန်းရှင်များကို ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ကြသည်။
သတင်းစဉ်