Skip to main content

မြန်မာ့မတ်ပဲ အိန္ဒိယမှတစ်ဆင့် ပါကစ္စတန်အထိပါ ဈေးကွက်ပေါက်နေ

ရန်ကုန် ဇန်နဝါရီ ၁၀

မြန်မာ့မတ်ပဲသည် အိန္ဒိယနိုင်ငံမှတစ်ဆင့် ပါကစ္စတန်နိုင်ငံအထိပင် ဈေးကွက်ရှိနေပြီး အဝယ်လိုက်နေကြောင်း မတ်ပဲရောင်းဝယ်ရေး လုပ်ငန်းဆောင်ရွက်နေသည့် အသိုင်းအဝိုင်းမှ သိရှိရသည်။

“အိန္ဒိယကတော့ အများဆုံးဝယ်တယ်။ တန်ချိန်သိန်းနဲ့ချီဝယ်တယ်။ ထိုင်းတို့၊ စင်ကာပူဘက်တို့ သွားတာတွေလည်းရှိတယ်။ ဒါပေမယ့် ပဲပင်ပေါက်ဖောက်ဖို့အတွက်ပဲ သွားတာ။ ကျွန်တော်တို့ဆီ အများဆုံး ယတာက အိန္ဒိယပါ။ အိန္ဒိယကနေ ပါကစ္စတန်အထိ သွားတယ်လို့သိရတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီ တိုက်ရိုက်ယူတာက အိန္ဒိယပါ” ဟု ပြည်တွင်းပြည်ပသို့ မတ်ပဲရောင်းချနေသူ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

လက်ရှိတွင် မတ်ပဲမှာ ပြည်ပ ဈေးကွက်တွင် ဈေးကျနေသော်လည်းဝယ်လိုအား များနေကြောင်း သိရသည်။

“ပြည်ပဈေးကွက်အခြေအနေက အိန္ဒိယဘက်မှာ ဈေးကျစပြုတယ်။ မတ်ပဲဈေးက အလွန်ကြီး တက်နေတာတော့မရှိဘူး။ ဒါပေမယ့် ဈေးကတက်တော့တက်တယ်။ ကြည့်ရတာ ဝယ်လိုအားတော့ များနေတဲ့ပုံမှာ ရှိတယ်” ဟု ၎င်းက ဆိုသည်။

ပြည်တွင်းဈေးကွက်တွင် မတ်ပဲဈေးတက်နေပြီး စံချိန်တင်မြင့်တက်နေကြောင်းလည်း သိရသည်။

“မတ်ပဲဈေးကွက်က အရင်နှစ်တွေနဲ့မတူတော့ဘူး။ ဒီချိန်ဆို မတ်ပဲဈေးကျတဲ့အချိန်။ အကျဆုံးကတော့ ဧပြီလပေါ့။ ဒါပေမယ့် ဒီဇင်ဘာလကတည်းက စကျစပြုနေပြီ။ အမြင့်ဆုံးလတွေကတော့ အောက်တိုဘာ၊ နိုဝင်ဘာပေါ့။ ဒီနှစ်ကတော့ ဈေးမကျဘူး။ စံချိန်တင်ဈေးလို့ ပြောလို့ရလောက်တဲ့အခြေအနေကို ရောက်နေတယ်” ဟု ၎င်းက ရှင်းပြသည်။

သစ်တော်