Skip to main content

နိုင်ငံချစ်စိတ်ဖြင့် အားကစားကဏ္ဍမြှင့်တင်

အားကစားသည် ကျန်းမာကြံ့ခိုင်စေသည့်အပြင် အားကစားသမားရော အားပေးကြသူများပါ စိတ်ဓာတ်ခွန်အားမြင့်မားစေသည့် ကဏ္ဍတစ်ခုဖြစ်သည်။ အားကစားအောင်မြင်မှုဖြင့် စိတ်ဓာတ်ခွန်အားမြင့်မားလာကြသလို နိုင်ငံ့ဂုဏ်လည်းမြင့်မားပြီး တိုင်းပြည်နှင့်လူမျိုးအတွက် ခွန်အားများဖြစ်စေသည်။ ထို့ကြောင့် နိုင်ငံတော်က အားကစားကဏ္ဍကို မြှင့်တင်အားပေးလျက်ရှိရာ အားကစားသမားကောင်းများ စဉ်ဆက်မပြတ်ပေါ်ထွန်းနေသည်။

အားကစားကဏ္ဍမြင့်မားတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ရာတွင် အခြေခံကျသောကဏ္ဍများမှာ အခြေခံပညာကျောင်းပေါင်းစုံ၊ တက္ကသိုလ်ပေါင်းစုံ၊ ဝန်ကြီးဌာနပေါင်းစုံနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများဖြစ်သည်။ အားကစားပြိုင်ပွဲများတွင် ပြည်သူအများ အထူးအားပေးသော အားကစားပြိုင်ပွဲမှာ ဘောလုံးအားကစားပြိုင်ပွဲဖြစ်သည်။ အခြေခံပညာ၊ တက္ကသိုလ်၊ ဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှတစ်ဆင့် ထူးချွန်ထက်မြက်သော လက်ရွေးစင်အားကစားသမားများပေါ်ထွက်လာပြီး ပြည်တွင်းသာမက နိုင်ငံတကာအဆင့် အားကစားပြိုင်ပွဲများတွင်ပါ နိုင်ငံ့ဂုဏ်နှင့် စိတ်ဓာတ်ခွန်အားများ မြှင့်တင်ပေးနိုင်ခဲ့သည်။

တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲကို ဇန်နဝါရီလ ၉ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။ သမိုင်းတစ်ခေတ်တွင် အားကစားကဏ္ဍကို ထွန်းလင်းတောက်ပြောင်စေခဲ့သည့် တက္ကသိုလ်အားကစားပြိုင်ပွဲဖြစ်၍ ကြိုဆိုရမည်ဖြစ်ပြီး တက္ကသိုလ်အဆင့်တွင် အားကစားလူငယ်များနှင့် ဝါသနာရှင်များ ပေါ်ထွန်းလျက်ရှိသည်ကို ဝမ်းမြောက်မိပါသည်။ တက္ကသိုလ်အားကစားကဏ္ဍမှနေ၍ အောင်မြင်မှုသမိုင်းမှတ်တိုင် များစွာစိုက်ထူနိုင်ခဲ့သည်။ ပြီးခဲ့သည့်နှစ်များက ကျင်းပခဲ့သည့် နိုင်ငံတကာပြိုင်ပွဲများတွင် တက္ကသိုလ်လက်ရွေးစင် အားကစားသမားများက အောင်ပွဲများကို ဆွတ်ခူးပေးနိုင်ခဲ့သဖြင့် နိုင်ငံတော်က ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

နိုင်ငံတော်အစိုးရက တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေးအတွက် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်အောင် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။ ယင်းတို့တွင် ကျောင်းသားလူငယ်အားကစားကဏ္ဍသည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ အားကစားကဏ္ဍမှတစ်ဆင့် စိတ်ဓာတ်ခွန်အားများ မြှင့်တင်ပေးနိုင်ပြီး နိုင်ငံတော်အတွက် အထောက်အပံ့ကောင်းများဖြစ်စေသည်။

ယနေ့အချိန်အခါတွင် လူငယ်များ၏ စွမ်းပကားများ အထူးလိုအပ်လျက်ရှိသည်။ အားကစားသည် လူငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုကို ဖြစ်ပေါ်စေရုံသာမက ဗလငါးတန်ဖွံ့ဖြိုးမှု၏ အခြေခံမျိုးစေ့လည်းဖြစ်သည်။ တက္ကသိုလ်ကျောင်းသား ကျောင်းသူများအနေဖြင့် အားကစားကဏ္ဍတွင် ပါဝင်ဆောင်ရွက်ကြခြင်းဖြင့် ကျန်းမာကြံ့ခိုင်ခြင်း၊ စိတ်လက်အပန်းပြေနိုင်ခြင်း၊ စိတ်ဖိစီးမှုများ လျော့ကျစေနိုင်ခြင်း၊ တက်ကြွဖျတ်လတ်ခြင်း၊ ပြဿနာကို ဖြေရှင်းနိုင်စွမ်းရှိခြင်း၊ စနစ်တကျတွေးခေါ်နိုင်ခြင်း၊ ဖြတ်ထိုးဉာဏ်ကို အသုံးချနိုင်ခြင်း၊ အသင်းအဖွဲ့နှင့် စုပေါင်းလုပ်ဆောင်တတ်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးနှင့် အားကစားကဏ္ဍမြှင့်တင်ရေးအတွက် ကျောင်းအားကစားကွင်းများ အဆင့်မြှင့်ရေးကို ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ပညာရေးနှင့်အားကစား ပေါင်းစပ်သင်ယူနိုင်သည့် အခွင့်အလမ်းများကို တိုးမြှင့်ဖော်ဆောင်ပေးလျက်ရှိသည်။ ပညာတတ်သော၊ စိတ်ဓာတ်စည်းကမ်းကောင်းမွန်သော၊ ကျန်းမာကြံ့ခိုင်သော လူချွန်လူကောင်းများ ပေါ်ထွက်လာစေရန် အားကစားကဏ္ဍနှင့် ပညာရေးကို ပေါင်းစပ်မြှင့်တင်ပေးနေသည်။ ခေတ်ကာလအခြေအနေပြောင်းလဲလာသည်နှင့်အမျှ အားကစားဘက်တွင် စိတ်ဝင်စားမှုနည်းလာသောအခါ၌ ပညာရေးကဏ္ဍမှတစ်ဆင့် အားကစားကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးနိုင်ပါက နိုင်ငံအနာဂတ်အတွက် ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။

ကျန်းမာခြင်းသည် လာဘ်တစ်ပါးဖြစ်ပြီး ဘဝတစ်လျှောက်လုံးတွင် အလိုအပ်ဆုံးအရာဖြစ်၍ ကျောင်းသား၊ ကျောင်းသူလူငယ်များ အားကစားဘက်တွင် ပါဝင်လိုက်စားလာပြီး သက်ရှည်ကျန်းမာစွာဖြင့် မိမိအကျိုး၊ နိုင်ငံ့အကျိုးကို သယ်ပိုးထမ်းဆောင်နိုင်မည့် အနာဂတ်သားကောင်းရတနာများ ဖြစ်လာပေမည်။ အားကစားဘက်တွင် ပါဝင်လိုက်စားကြသောကြောင့် စိတ်ဓာတ်စွမ်းအားများ၊ ကိုယ်ခန္ဓာကြံ့ခိုင်စွမ်းအားများ ပိုမိုကောင်းမွန်လာပြီး အဘက်ဘက်တွင် စွမ်းဆောင်နိုင်စွမ်းရှိသည့် နိုင်ငံ့သားကောင်းများဖြစ်လာပေမည်။ တက္ကသိုလ်အဆင့်တွင် အားကစားဘက်၌ စိတ်ပါဝင်စားသူများ များပြားလာပြီး ထူးချွန်ထက်မြက်သူများ စဉ်ဆက်မပြတ်ပေါ်ထွန်းနေသည်မှာ ဝမ်းမြောက်စရာဖြစ်သည်။

သို့ဖြစ်ရာ ပညာရေးကဏ္ဍအဆင့်ဆင့်တွင် အားကစားနည်းအမျိုးမျိုးကို လိုက်စားကြပြီး တစ်ကိုယ်ရေကျန်းမာကြံ့ခိုင်ရေးအတွက်သာမက နိုင်ငံ့လက်ရွေးစင် အားကစားသမားများဖြစ်အောင် ကြိုးစားအားထုတ်ကြပြီး နိုင်ငံ၏ဂုဏ်ကို ထိန်းသိမ်းမြှင့်တင်နိုင်သူများ၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိသူများ ဖြစ်ထွန်းလာအောင် ကြိုးပမ်းကြရန် တိုက်တွန်းအပ်ပါကြောင်း။     ။

ကြေးမုံ (အယ်ဒီတာ့အာဘော်)