Skip to main content

လူမှုဖူလုံရေးအဖွဲ့ ရွေ့လျားဆေးကုသယာဉ်များဖြင့် အလုပ်သမားဝန်ကြီးဌာနရှိ ဝန်ထမ်းများအား ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ပေး

နေပြည်တော် ဇန်နဝါရီ ၉

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့ကရွေ့လျားဆေးကုသယာဉ်များ (Mobile Medical Units) ဖြင့် ဇန်နဝါရီ ၁ ရက်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ စက်မှုဇုန်များသို့လည်းကောင်း၊ ဇန်နဝါရီ ၂ ရက်မှစတင်၍ နေပြည်တော်ကောင်စီရှိ ဝန်ကြီးဌာနများသို့လည်းကောင်း ရွေ့လျားဆေးကုသယာဉ် (Mobile Medical Units) သုံးစီးဖြင့် လူမှုဖူလုံရေး အကျုံးဝင်အလုပ်သမားများအား အလုပ်ဌာနများအရောက် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့နံနက်ပိုင်းတွင် လူမှုဖူလုံရေးအဖွဲ့ကရွေ့လျားဆေးကုသယာဉ်ဖြင့် ရုံးအမှတ်(၅၁) အလုပ်သမားဝန်ကြီးဌာနသို့ သွားရောက်၍ ဝန်ထမ်းများကို ကျန်းမာရေးစောင့်ရှောက်မှုများအနေဖြင့် ဝန်ထမ်း ၄၅၀ အား လိုအပ်သော ဆေးဝါးကုသမှုများ၊ ၁၇၄ ဦးအား ဓာတ်ခွဲစစ်ဆေးမှုများ၊ ၄၂ ဦးအား နှလုံး အတွက် ECG စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး သည်။

အာမခံအလုပ်သမား ၁ ဒသမ ၂ သန်းကျော်

လူမှုဖူလုံရေးအဖွဲ့က လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် အကျုံးဝင်အာမခံအလုပ်သမား ၁ ဒသမ ၂ သန်းကျော်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုအတွက် လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံကြီး သုံးရုံ၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း ၉၆ ခန်း၊ ဌာနကြီး ဆေးခန်း ၆၀၊ စာချုပ်ဆေးခန်း ၅၄ ခန်း၊ သားဖွား မီးယပ်ပြင်ပလူနာကုသမှု (Specialist OG OPD)ဆောင်ရွက်သည့် စာချုပ်ဆေးခန်း ၂၃ ခန်း၊ မီးဖွားဝန်ဆောင်မှုဆောင်ရွက်လျက်ရှိသော စာချုပ်ဆေးရုံ/သားဖွားခန်း ၁၂ ခန်း၊ တိုင်းရင်းဆေးခန်း တစ်ခန်းတို့ ဖြင့် ဝန်ဆောင်မှု ဆောင်ရွက်ပေးလျက်ရှိသည်။

နေပြည်တော်ကောင်စီရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)ရှိ ဝန်ထမ်းများကို ကျန်းမာရေးစောင့်ရှောက်မှုများအနေဖြင့် ဇန်နဝါရီ ၁၀ ရက်မှ ၁၅ ရက်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်