နေပြည်တော် ဇန်နဝါရီ ၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျိုင်းတုံမူလတန်းကြိုကျောင်း၊ ကလေးပြုစုရေးဌာန၊ အမျိုးသမီး သက်မွေးပညာသင်ကျောင်းနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန သိုလှောင်ရုံတို့သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
မှာကြား
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက မူလတန်းကြိုကျောင်း တွင် ကလေးငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှု၊ သန့်ရှင်းသပ်ရပ်စွာဖြင့် အာဟာရပြည့်ဝစွာ ကျွေးမွေးနိုင်မည့် အခြေအနေ၊ သင်ရိုးညွှန်းတမ်းနှင့်အညီ ကလေးများအား စနစ်တကျ လေ့ကျင့်သင်ကြားပေးနိုင်မှု၊ ဆရာမများအနေဖြင့် စိတ်ကောင်း စေတနာကောင်းများဖြင့် ပြုစုပျိုးထောင် သင်ကြားပေးရေးတို့ကို မှာကြားသည်။
ယင်းနောက် ကျိုင်းတုံကလေး ပြုစုရေးဌာနတွင် လက်ခံစောင့်ရှောက်ထားသည့် ကလေးငယ် ၅၀ ၏ ပညာသင်ကြားလေ့ကျင့်နေမှု၊ သင်ယူရာနေရာများနှင့် ကျွေးမွေးစောင့်ရှောက်မှု၊ ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ကလေးများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အရုပ်များနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်းသို့ရောက်ရှိရာ ကျောင်းအုပ်ကြီးက တောင်ပေါ်ဒေသတွင်နေထိုင်ပြီး ဆင်းရဲနွမ်းပါး၍ မိသားစုများက ပညာဆက်လက်သင်ကြားပေးရန် ခက်ခဲသည့် ကလေးငယ် ၅၆ ဦးကို ပညာဆက်လက်သင်ကြားနိုင်ရန် လူမှုဝန်ထမ်းဦးစီးဌာနက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း အမျိုး သမီးသက်မွေးအတတ်ပညာသင် ကျောင်းတွင် လက်ခံစောင့်ရှောက်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကလေးငယ်များကို အတန်းပညာသာမက ၎င်းတို့၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာများ၊ ကျန်းမာရေးဆိုင်ရာ အသိပညာ ဗဟုသုတများကိုလည်း သက်ဆိုင်ရာကဏ္ဍအလိုက် ပညာရှင်များဖိတ်ခေါ်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ပေးရန်နှင့် နွေရာသီကျောင်းပိတ်ရက်တွင် အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးရန်မှာကြားခဲ့ပြီး ကလေးငယ်များနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ စားသောက်ဖွယ်ရာနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ကျိုင်းတုံခရိုင် ဦးစီးမှူးရုံးနှင့် ကယ်ဆယ်ရေး ပစ္စည်းသိုလှောင်ရုံသို့ သွားရောက်၍ ကယ်ဆယ်ရေးပစ္စည်းများသိုလှောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ကယ်ဆယ်ထောက်ပံ့ပစ္စည်းများကို လေလွင့်ပျက်စီးမှုများ မဖြစ်ပေါ်စေရေး၊ သက်တမ်းပြည့် ကောင်းမွန်စွာဖြင့် ဘေးသင့်သူများလက်သို့ ထောက်ပံ့နိုင်ရေးတို့အတွက် ထုတ်ပြန်ထားသော သိုလှောင်ရုံ ထိန်းသိမ်းရေးလက်စွဲ နှင့်အညီ စနစ်တကျ ထားသိုထိန်းသိမ်းရန်နှင့် မီးဘေးအပါအဝင် သိုလှောင်ရုံလုံခြုံရေးကို ဝန်ထမ်းများအထူးသတိပြု ဆောင်ရွက်ကြရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်