မြစ်ကြီးနား ဇန်နဝါရီ ၉
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ရှိ အမှတ်(၁) နယ်စပ်ဒေသတိုင်းရင်း သားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်တန်းကျောင်းအုပ်များက သင်တန်း ကျောင်းဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကချင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ကချင်ပြည်နယ် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနရုံးနှင့် သင်တန်းကျောင်းတို့မှ ဝန်ထမ်းများ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများကိုတွေ့ဆုံ၍ နယ်စပ်ရေးရာဝန်ကြီးဌာန၏ မူဝါဒ(၄)ရပ်ဖြစ်သည့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသတွင် နေထိုင်သော တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားများ၏ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးရေး စသည့်မူဝါဒများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးတိုးတက် ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်၍ တည်ငြိမ်အေးချမ်းရေးကို ဦးစားပေးတည်ဆောက်ရမည်ဖြစ်ကြောင်း၊ အခြေခံပညာများဆည်းပူးရာတွင် အတန်းတိုင်း၌ကြိုးစား၍ အဆင့်မြင့်ပညာများ အောင်မြင်ရန်နှင့် မိမိတို့၏ဘဝရည်မှန်းချက်များ ပေါက်မြောက်ရန် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ ဗလငါးတန် ဖွံ့ဖြိုးရေးအတွက် အစဉ်အားထုတ် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း မှာကြားခဲ့ပြီး စားသောက်ဖွယ်ရာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။ ထို့နောက် ကျောင်းဝင်းအတွင်းရှိ အိပ်ဆောင်များ၊ စားရိပ်သာများ၊ စာကြည့်တိုက်နှင့် ရာသီသီးနှံ စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အမှတ်(၂)နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိ၍ ကျောင်းဝင်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားဖြည့်ဆည်း ဆောင်ရွက်ပေး သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကချင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိပြီး ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေး၍ ရုံးဝင်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
သတင်းစဉ်