Skip to main content

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

နေပြည်တော် ဇန်နဝါရီ ၉

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင် ၁၀၉ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား လာရောက်ဖူးမြော် ကြည်ညိုကြသည်။

အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့

ဦးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ် အဆင့်ဆင့်ဖြင့် အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ကျောက်စာရုံစေတီတော်များ တည်ထားဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှု အခြေအနေတို့ကို ရှင်းလင်းပြောကြားကြပြီး မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။

ရှင်းလင်းဖြေကြား

ထို့နောက် ဘုရားဖူးလာဂေါပကအဖွဲ့ ဝင်များကိုယ်စား ဂေါပကအဖွဲ့ဝင်တစ်ဦးက ယခုကဲ့သို့ ရုပ်ပွားတော်မြတ်ကြီးအား အဆင်ပြေချောမွေ့စွာ လာရောက်ဖူးမြော်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးမှုများနှင့် ရုပ်ပွားတော်မြတ်ကြီး တည် ဆောက်ပူဇော်ခဲ့မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်းပြောကြား ပေးမှုများအပေါ် ကျေးဇူးတင်စကား ပြောကြားပြီးဘုရားဖူးလာ ဂေါပကအဖွဲ့ဝင်များက ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု အခြေအနေနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားသည်။

အလှူငွေများပေးအပ်လှူဒါန်း

ယင်းနောက် ဂေါပကအဖွဲ့ဝင်များသည် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းကြသည်။

ဆက်လက်၍ ဘုရားဖူးလာဂေါပက အဖွဲ့ဝင်များသည် မာရဝိဇယရုပ်ပွားတော် မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း၌ လေ့လာကြည့်ရှုကြသည်။

ဖူးမြော်လေ့လာကြည်ညို

ထို့နောက် ဘုရားဖူးလာ ဂေါပကအဖွဲ့ဝင်များသည် ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ထားရှိသည့် မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော် ပုံစံငယ်ပြသထားမှု၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် မဟာမင်္ဂလာအခမ်း အနားများတွင် အသုံးပြုခဲ့သည့် ပစ္စည်းများ၊ ဘုရားရှင်ဓာတ်တော်၊ ရဟန္တာဓာတ်တော်များ ထည့်သွင်းပူဇော်ခဲ့သည့် ရွှေဖလားများ၊ မာရဝိဇယ ဆင်းတုတော်ကြီးအား အစိတ်အပိုင်း လေးပိုင်းခွဲ၍ တည်ဆောက်ထားသော ဆင်းတုတော်ကြီး ပုံစံငယ်များ၊ မြန်မာ့ရိုးရာ ပန်းဆယ်မျိုး လက်ရာပုံစံငယ်များ၊ ရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်မှု မှတ်တမ်းဓာတ်ပုံများ၊ ဗိသုကာလက်ရာများဖြင့် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များနှင့် အခြားသာသနိကအဆောက်အဦများကို ဆက်လက်ဖူးမြော်လေ့လာကြည်ညိုကြသည်။

အလားတူ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ပုဗ္ဗသီရိမြို့နယ် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်း သား ကျောင်းသူများ၊ မော်လမြိုင်မြို့ သီလရှင်စာသင်တိုက်မှ ဆရာလေးများ နှင့် အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော် ကြည်ညိုလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်