နေပြည်တော် ဇန်နဝါရီ ၉
ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်ကျင်းပသည့် မြန်မာနိုင်ငံ ရောဂါဗေဒပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၄) (Myanmar Pathology Confer-ence 2024) ဖွင့်ပွဲအခမ်းအနားကို “Pathology Updates in Theranostic Era” ဆောင်ပုဒ်နှင့်အညီ ယနေ့နံနက်ပိုင်းက ဆေးတက္ကသိုလ်(၁) ရန်ကုန်လမ်းမတော်ဝင်း၌ ကျင်းပရာ ဖွင့်ပွဲအခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြောင်းလဲဖြစ်ပေါ်လာသည့် ဘာသာရပ်ဆိုင်ရာ တိုးတက်မှုများကို လက်လှမ်းမီသိရှိနိုင်ရန် ယခုကဲ့သို့နှီးနှောဖလှယ်ပွဲများ ကျင်းပခြင်းဖြစ်ပါကြောင်း၊ ပြည်သူ့ဆေးရုံများတွင် ဓာတ်ခွဲစစ်ဆေးမှုများကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ ဝန်ကြီးဌာနအနေဖြင့် ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ရန်နှင့် လိုအပ်သည့် စက်ပစ္စည်းနှင့် ဓာတ်ဆေးပစ္စည်းများကို ဖြည့်တင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆေးပညာဘာသာရပ်နယ်ပယ်အသီးသီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရှိနေစေရန်နှင့် ပညာရှင်တစ်ဦးစီ၏ ပညာရပ်ဆိုင်ရာအရည်အသွေး (Academic quality) ကျင့်ဝတ်နှင့် တာဝန်ယူတတ်မှု (professional ethic, duty and responsibility)၊ ပရဟိတစိတ်နှင့် လူသားဆန်မှု (Humanity) ပြည့်စုံရန်လိုကြောင်း။
ယခုကျင်းပသည့် မြန်မာနိုင်ငံရောဂါဗေဒပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၄)တွင် မြန်မာနိုင်ငံမှ ရောဂါဗေဒပညာရှင်ကြီးများ၊ နိုင်ငံတကာမှ ရောဂါဗေဒပညာရှင်များ၊ မျိုးဆက်သစ်ရောဂါဗေဒ ပညာရှင်များ တက်ရောက်ကြပြီး ရောဂါဗေဒပညာရပ် နယ်ပယ်သစ် တိုးတက်ဖြစ်ထွန်းမှုများ၊ လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံများ၊ ရောဂါဗေဒပညာရပ်၏ ပင်မရောဂါရှာဖွေရေးကဏ္ဍကို ကျော်လွန်ပြီး ကုသမှုအပိုင်းတွင် စွမ်းဆောင်နိုင်မှုများကို ဆွေးနွေးကြမည်ဖြစ်ပြီး သုတေသနစာတမ်းများကိုလည်း ဖတ်ကြားဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည့်အတွက် ရောဂါရှာဖွေကုသခြင်း နယ်ပယ်အတွက် အလွန်တန်ဖိုးရှိပါကြောင်း၊ ရောဂါဗေဒပညာရှင်များ၏ အရည်အသွေးမြှင့်တင်ခြင်းနှင့်အတူ ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေး တိုးတက်မြင့်မားလာမည်ဟု ယုံကြည်ပါကြောင်း၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများကို ပြည်သူ့ဆေးရုံများတွင် အခမဲ့ဆောင်ရွက်ပေးလျက်ရှိပါသဖြင့် ပြည်သူလူထုအတွက် များစွာအကျိုးရှိပါကြောင်း ပြောကြားသည်။
နှီးနှောဖလှယ်ပွဲအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးနှင့်ဆေးနှီးနွှယ် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံဆေးကောင်စီနှင့် အသင်းများမှဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ပါမောက္ခဒေါက်တာဖေသက်ခင်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဗဟိုအဆင့်ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးများ၊ ရောဂါဗေဒဘာသာရပ် နာယကအငြိမ်းစား ဆရာ၊ ဆရာမကြီးများ၊ ရောဂါဗေဒဌာနများမှ ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများနှင့် ရောဂါဗေဒဆရာဝန်များအပါအဝင် ၂၅၀ ခန့် တက်ရောက်ခဲ့ကြသည်။
အကြိုအလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့က ဆေးတက္ကသိုလ်(၂) ရန်ကုန်၌ ကျင်းပခဲ့ပြီး နှီးနှောဖလှယ်ပွဲကို ဆေးတက္ကသိုလ်(၁)ရန်ကုန်တွင် ဇန်နဝါရီ ၁၀ ရက်အထိ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်