နေပြည်တော် ဇန်နဝါရီ ၉
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် ဒေါက်တာမှုထန်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းတို့သည် ယမန်နေ့ညနေပိုင်းတွင် မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက ဒေသခံပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် မြစ်ကြီးနားပြည်သူ့ဆေးရုံကြီး၌ တာဝန်ထမ်းဆောင် လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဤဆေးရုံကြီးသည် ကချင်ပြည်နယ် ဒေသခံပြည်သူ လူထုအားကိုးသည့် ဆေးရုံကြီးဖြစ်သည့် အားလျော်စွာ ဆေးရုံကြီး၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်နယ်ဂုဏ်ဆောင် ပြည်သူ့ဆေးရုံကြီးဖြစ်အောင် ဆက်လက်ကြိုးစားသွားစေ လိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်ကို အကောင်ထည်ဖော် ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ၊ ပြည်သူများ စိတ်ချမ်းသာစွာဖြင့် အရည်အသွေးပြည့်ဝသည့် ကုသမှုခံယူနိုင်ရေးအတွက် ပြည်သူ့ဆေးရုံများ အဆင့်မြှင့်တင်ခြင်းနှင့် အခြေခံအဆောက်အဦများ ဖြည့်ဆည်းခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူဖြည့်ဆည်းခြင်း၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များ ဖြည့်ဆည်းမြှင့်တင်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒေသခံပြည်သူလူထု အကျိုးရှိစေရန်ရည်ရွယ်၍ ပြည်သူ့ဆေးရုံကြီးများတွင် ဓာတ်ခွဲ၊ ဓာတ်မှန်၊ ရောဂါ ရှာဖွေရေးလုပ်ငန်းများကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆေးကုသမှုလုပ်ငန်းအပြင် လူနာများအား နွေးထွေးပျူငှာစွာဆက်ဆံရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်မှထောက်ပံ့သည့် ဆေးနှင့်ဆေးပစ္စည်းများကို ဒေသခံပြည်သူလူထု အကျိုးရှိစေရေး သုံးစွဲကြရမည်ဖြစ်ပါကြောင်း၊ ဆေးရုံဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေးတို့အတွက် အားလုံးဝိုင်းဝန်းဆောင် ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဖြည့်ဆည်းဆောင်ရွက်
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေး ဝန်ထမ်းများက လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
တက်ရောက်
အဆိုပါတွေ့ဆုံပွဲသို့ ကချင်ပြည်နယ် ကုသရေးဦးစီးဌာန/ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီး၊ မူးယစ်ဆေးစွဲရောဂါကု ဆေးရုံ၊ ကချင်ပြည်နယ် တိုင်းရင်းဆေး ပညာဦးစီးဌာနစသည်တို့မှ ကျန်းမာရေးဝန်ထမ်းများ၊ မိုးညှင်း၊ ဝိုင်းမော်၊ မိုးကောင်းမြို့နယ်များမှ ဆေးရုံအုပ်/မြို့နယ်ကုသရေး ဦးစီးဌာနမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်