နေပြည်တော် ဇန်နဝါရီ ၉
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လုပ်ငန်းကော်မတီအဖွဲ့ဝင်များက အွန်လိုင်းမှ တက်ရောက်ကြသည်။
ရှေးဦးစွာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်က ကလေးအလုပ်သမားကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ကလေးများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့်လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အပြုသဘောမဆောင်သည့် သက်ရောက်မှုရှိစေနိုင်သော အလုပ်၊ ပညာရေးကို အနှောင့်အယှက်ဖြစ်စေသော အလုပ်၊ ကျောင်းတက်ရမည့် အခွင့်အရေးကို ပိတ်ပင်စေသောအလုပ်၊ အချိန်မတိုင်မီ မဖြစ်မနေကျောင်း ထွက်စေသည့်အလုပ်၊ ကျောင်းတက်ခြင်းနှင့်အတူ ပြင်းထန်သော အလုပ်ကို အချိန်ကြာမြင့်စွာလုပ်ရသော အလုပ်များကို လုပ်ကိုင်နေရသော ကလေးများကို ဆိုလိုခြင်းဖြစ်ပါကြောင်း၊ ငယ်ရွယ်နုပျိုစဉ်တွင် ကျောင်းတက် ၍ အတတ်ပညာ၊ အသိပညာ ရှာဖွေမှု မပြုလုပ်နိုင်ဘဲ ကလေးသူငယ်အခွင့်အရေးဆုံးရှုံးမှုများကို တားဆီးကာကွယ်နိုင်ရန် လိုအပ်ပါကြောင်း၊ လူငယ်များသည် နိုင်ငံ၏ အနာဂတ်ဖြစ်သည့်အတွက်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နိုင်မည့် ဗလငါးတန်နှင့် ပြည့်စုံသော ကလေးသူငယ်များဖြစ်လာရန် တာဝန်ရှိသူများနှင့် မိဘဆရာသမားများ၊ သက်ဆိုင်ရာသူများက လေ့ကျင့်ပြုစုပျိုးထောင်ပေးကြရန် လိုအပ်ပါကြောင်း။
မြန်မာနိုင်ငံကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုး သားအဆင့် ပထမငါးနှစ်စီမံချက်မှာ ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ပြီးဆုံးသွားပြီ ဖြစ်ပါကြောင်း၊ ဒုတိယငါးနှစ်စီမံချက် (၂၀၂၄- ၂၀၂၈ ခုနှစ်)ကို အကောင်အထည်ဖော်ရန်အတွက် လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းစီမံချက်များကို အတွင်းရေးမှူးနှင့်ညှိနှိုင်းပြီး သင့်တော်မည့်ရက်တွင် တင်ပြကြစေလိုပါကြောင်း၊ အမျိုးသားကော်မတီ၏ လုပ်ငန်းကော်မတီရှစ်ရပ်နှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကော်မတီများက အမျိုးသားအဆင့် ပထမငါးနှစ်စီမံချက် (၂၀၁၉-၂၀၂၃ခုနှစ်) လုပ်ငန်းဆောင်ရွက်မှု နှစ်ပတ်လည်အစီရင်ခံစာကို အမျိုးသားကော်မတီထံ တင်ပြသွားရန်လည်းရှိပါကြောင်း၊ လာမည့်ငါးနှစ်စီမံချက်အတွက် သက်ဆိုင်ရာကော်မတီဝင်ဌာန အဖွဲ့အစည်းများက အသေးစိတ်လုပ်ငန်းစီမံချက်များကိုရေးဆွဲပြီး အမျိုးသားကော်မတီထံ ဇန်နဝါရီလအတွင်း တင်ပြနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူးက မြန်မာနိုင်ငံ ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် ဒုတိယငါးနှစ်စီမံချက် (၂၀၂၄ - ၂၀၂၈ ခုနှစ်) ရေးဆွဲရာတွင် အခြေခံရမည့် အချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီ အဖွဲ့ဝင်များက အသိပညာပေး လုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများဖွင့်လှစ်နိုင်ရေး၊ မီဒီယာမှတစ်ဆင့် အသိပညာပေးအစီအစဉ်များ ထုတ်လွှင့်နိုင်ရေး၊ လုပ်ငန်းရှင်များအား အသိပညာပေးရေးနှင့် ဆက်လက်လုပ်ဆောင်သွားမည့် လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးဦးရဲတင့်က ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ဖြည့်စွက် ဆွေးနွေးပြီးနိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
သတင်းစဉ်