Skip to main content

ညောင်တုန်းမြို့နယ်တွင် ဒေသခံတောင်သူများကို တိုင်းရန်ပုံငွေရရှိရေးအတွက် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အကြွေးစနစ်ဖြင့် ဓာတ်မြေဩဇာရောင်းချနေကြောင်း သတင်းတု၊ သတင်းမှားများ ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဇန်နဝါရီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တိုင်းရန်ပုံငွေရရှိရန်အတွက် အကျိုးတူလုပ်ကိုင်နေသည့် ဓာတ်မြေဩဇာအရောင်းဆိုင်များမှတဆင့် ဒေသခံတောင်သူများအပေါ် တစ်ဦးလျှင် ဓာတ်မြေဩဇာ ၂၀ အိတ် (ကာလ တန်ဖိုး ၂၆ သိန်း)ကို အကြွေးစနစ်ဖြင့် အတိုးယူရောင်းချမှုများ ပြုလုပ်နေကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Ayeyarwaddy Times က သတင်းတု၊ သတင်းမှားများကို မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ “မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် တောင်သူလယ်သမားများ စိုက်ပျိုးစရိတ်ကုန်ကျမှု အထောက်အကူပြုနိုင်ရန်အတွက် နှစ်စဉ် စိုက်ပျိုးစရိတ်ချေးငွေများကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးခြင်း၊ ပြန်လည်လက်ခံခြင်း၊ ချေးငွေညွှန်ကြားစာပါ စည်းကမ်းချက်များနှင့်အညီ ကြွေးကျန်များ ပေးဆပ်ပြီးသည့် တောင်သူများကို ချေးငွေသစ်များ စိုက်ပျိုးချိန်အမီ ထုတ်ချေးပေးခြင်းစသည့် လုပ်ငန်းစဉ်များကို တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အခြားသော စိုက်ပျိုးရေးသွင်းအားစုများဆိုင်ရာ အကျိုးတူလုပ်ဆောင်မှုများကို ပါဝင်ပတ်သက် လုပ်ဆောင်ခြင်းမရှိကြောင်း” သက်ဆိုင်ရာ မြို့နယ်မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများအနေဖြင့် ရပ်ရွာများတည်ငြိမ်အေးချမ်းရေးမှုပျက်ပြားစေရန်၊ တောင်သူလယ်သမားများ နိုင်ငံ့ဝန်ထမ်းများအပေါ်နှင့် အထင်အမြင်လွဲမှားစေရန်အတွက် မဟုတ်မမှန် ကောလာဟလသတင်းများကို လုပ်ကြံဖန်တီးရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။