နေပြည်တော် ဇန်နဝါရီ ၉
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် မြို့နှင့် ၃ မိုင်ကုန်းအနီးရှိ ကျောက်ကွင်းအနီးတွင် အရပ်သားပြည်သူ ၁၀ ဦးကို တပ်မတော်က ဇန်နဝါရီလ ၆ ရက်တွင် ဖမ်းဆီးသွားခဲ့ကြောင်း အကြမ်းဖက်အားပေးမီဒီယာတစ်ခုဖြစ်သည့် Development Media Group မှ ကောလာဟလ သတင်းများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဒေသခံပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် ပုံမှန်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အပြစ်မဲ့အရပ်သား ပြည်သူများကို အကြောင်းမဲ့ဖမ်းဆီးမှုများ လုပ်ဆောင်ခြင်းမရှိကြောင်းနှင့် မှန်ကန်မှုမရှိကြောင်း သက်ဆိုင်ရာ နယ်မြေလုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် နယ်မြေဒေသများ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် တိကျခိုင်မာမှုမရှိသော အကြောင်းအရာများကို ကောလာဟလသတင်းများအဖြစ် ဖန်တီးရေးသားကာ တိုင်းရင်းသားပြည်သူများမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန် ဝါဒဖြန့်လှုံ့ဆော်ရေးသားခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။