Skip to main content

လူမှုဖူလုံရေးအဖွဲ့က ရွေ့လျားဆေးကုသယာဉ်များဖြင့် စွမ်းအင်ဝန်ကြီးဌာနရှိ ဝန်ထမ်းများအား ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ပေး

နေပြည်တော် ဇန်နဝါရီ ၈

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့က ရွေ့လျားဆေးကုသယာဉ်များ (Mobile Medical Units) ဖြင့် ဇန်နဝါရီ ၁ ရက်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ စက်မှုဇုန်များသို့လည်းကောင်း၊ ဇန်နဝါရီ ၂ ရက်မှစတင်၍ နေပြည်တော်ကောင်စီရှိ ဝန်ကြီးဌာနများသို့လည်းကောင်း ရွေ့လျားဆေးကုသယာဉ် (Mobile Medical Units) သုံးစီးဖြင့် လူမှုဖူလုံရေးအကျုံးဝင် အလုပ်သမားများအား အလုပ်ဌာနများအရောက် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

လူမှုဖူလုံရေးအဖွဲ့က လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် အကျုံးဝင်အာမခံအလုပ်သမား ၁ ဒသမ ၂ သန်းကျော်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုအတွက် လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံကြီး သုံးရုံ၊ မြို့နယ်လူမှု ဖူလုံရေးဆေးခန်း ၉၆ ခန်း၊ ဌာနကြီးဆေးခန်း ၆၀၊ စာချုပ်ဆေးခန်း ၅၄ ခန်း၊ သားဖွားမီးယပ် ပြင်ပလူနာကုသမှု (Specialist OG OPD) ဆောင်ရွက်သည့် စာချုပ်ဆေးခန်း ၂၃ ခန်း၊ မီးဖွားဝန်ဆောင်မှု ဆောင်ရွက်လျက်ရှိသော စာချုပ်ဆေးရုံ/ သားဖွားခန်း ၁၂ ခန်း၊ တိုင်းရင်း ဆေးခန်းတစ်ခန်းတို့ဖြင့် ဝန်ဆောင်မှုဆောင်ရွက်ပေးလျက်ရှိသည်။

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့က ရွေ့လျားဆေးကုသယာဉ်ဖြင့် ယနေ့တွင် နေပြည်တော်ကောင်စီရှိ စွမ်းအင်ဝန်ကြီးဌာနသို့ သွားရောက်ပြီး ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ရာ ဝန်ထမ်း ၇၅၀ ကို လိုအပ်သောဆေးဝါးကုသမှုများ၊ ၃၀၀ ကို ဓာတ်ခွဲစစ်ဆေးမှုများ၊ ၈၀ ကို နှလုံးအတွက် ECG စစ်ဆေးခြင်းများ ဆောင်ရွက်ပေးသည်။

နေပြည်တော်ကောင်စီရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနတို့ရှိ ဝန်ထမ်းများကို ဇန်နဝါရီ ၉ ရက်မှ ၁၅ ရက်အထိ ကျန်းမာရေးစောင့်ရှောက်မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်