ထားဝယ် ဇန်နဝါရီ ၈
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ကုသရေးဦးစီးဌာန၏ စီမံဆောင်ရွက်မှုဖြင့် မျက်စိအထူးကုဆေးရုံကြီး ရန်ကုန်မြို့မှ မျက်စိအထူးကုဆေးအဖွဲ့နှင့် ထားဝယ်ဆေးရုံကြီးမှ မျက်စိဆရာဝန်ကြီးများ ပူးပေါင်း၍ ထားဝယ်ခရိုင်အတွင်းရှိ မျက်စိရောဂါဝေဒနာရှင်များအား ဇန်နဝါရီ ၁ ရက်မှ ၁၀ ရက်အထိ အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီး၌ ရဟန်း၊ ရှင်လူပြည်သူ မျက်စိရောဂါဝေဒနာရှင်များအား ရေတိမ်စမ်းသပ်စက်၊ ပါဝါစမ်းသပ်စက်၊ မျက်စိရောဂါစမ်းသပ်စက်တို့ဖြင့် မျက်စိအထူးကုဆေးအဖွဲ့၊ မျက်စိဆရာဝန်ကြီးများက အမြင်စမ်းသပ်ခြင်း၊ မျက်တွင်းမှန်တိုင်းခြင်းနှင့် ရေချိန်တိုင်းခြင်းစသည့် စမ်းသပ်စစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ဇန်နဝါရီ ၁ ရက်မှ ၈ ရက်အထိ မျက်စိရောဂါဝေဒနာရှင် စုစုပေါင်း ၄၄၁ ဦး၊ ခွဲစိတ် လူနာ ၇၅ ဦး၊ လေဆာဖြင့်ကုသသူ သုံးဦးကို မျက်စိကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ခဲ့ပြီး Intra Ocular lens (IOL)မျက်စိအတွင်းထည့် မှန်ဘီလူး ၇၅ ခု အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်