Skip to main content

စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းနှင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်နေကြသော တပ်မတော်သားများအတွက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များက ဂုဏ်ပြုအလှူငွေပေးအပ် 

နေပြည်တော် ဇန်နဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်မှ မြို့နယ်စစ်မှုထမ်းဟောင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းနှင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသော တပ်မတော်သားများအတွက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များက ဂုဏ်ပြုအလှူငွေပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ၂၆ မြို့နယ်မှ မြို့နယ်စစ်မှုထမ်းဟောင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ စားသောက်ရေး အဆင်ပြေစေရန်အတွက် စားသောက်ဖွယ်ရာများနှင့် ခြံထွက်ကြက်ဥများကို ထောက်ပံ့ပေးအပ်ရာ တက်ရောက်လာကြသူများကိုယ်စား တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံထမ်းဆောင်နေကြသော တပ်မတော်သားများအတွက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များက စုပေါင်းလှူဒါန်းသည့် ဂုဏ်ပြုအလှူငွေများ ပေးအပ်လှူဒါန်းရာ တိုင်းမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ယင်းနောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များကိုယ်စား တာဝန်ရှိသူတစ်ဦးက ဂုဏ်ပြုအလှူငွေများ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ တိုင်းမှူးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် နယ်မြေခံဆေးကုသရေးအဖွဲ့က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသမှုများ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်