Skip to main content

ကလေးအကျဉ်းထောင်တွင် နိုင်ကျဉ်း ၂၈ ဦး နှစ်ချီ သံခြေကျင်းခတ် တိုက်ပိတ်ခံခဲ့ရဟု ကောလာဟလသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဇန်နဝါရီ ၈

ကလေးအကျဉ်းထောင်တွင် နိုင်ငံရေးပုဒ်မများနှင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၂၈ ဦးအား ၂ နှစ်နီးပါးကြာ ခြေကျင်းခတ်ကာ တိုက်ပိတ်ထားကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ထံမှ ထုတ်ပြန်ပြောဆိုချက်အရ သိရသည်ဟု သတင်းအမှားများကို ကိုးကားဖြန့်ဝေလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာအကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ “ အကျဉ်းသား ၂၈ ဦးသည် ထောင်အရာရှိများကို ဓါးစာခံအဖြစ်ဖမ်းဆီး၍ အကြမ်းဖက်ဆူပူအုံကြွထွက်ပြေးရန် ကြိုးစားခဲ့ခြင်းကြောင့် အကျဉ်းထောင်အက်ဥပဒေနှင့်အညီ တိုက်ပိတ်ခြင်း၊ ခြေကျင်းခတ်ခြင်း၊ တရားစွဲဆိုခြင်းတို့ကို ဆောင်ရွက်ရခြင်းဖြစ်ပြီး ယခုတွင် အမှုကိစ္စများ ပြီးပြတ်၍ ၁-၁-၂ဝ၂၄ ရက်နေ့တွင် ခြေကျင်းဖြုတ်ပေးပြီးဖြစ်ပါကြောင်းနှင့် ဥပဒေနှင့်အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ” သိရှိရသည်။

အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာများအနေဖြင့် အကျဉ်းဦးစီးဌာန၊ အကျဉ်းထောင်များတွင် အကျဉ်းထောင်အက်ဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်နေမှုအပေါ် အများပြည်သူမှ အထင်အမြင်လွဲမှားစေရန် ကောလာဟလသတင်းများ ရေးသားဖြန့်ဝေကာ ဝါဒဖြန့် ထိုးနှက်ခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။