Skip to main content

နေပြည်တော်၌ MSME လုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိသည့် ပုံရိပ် CNC သစ်ထွင်းလေဆာပန်းချီလုပ်ငန်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်(၉)ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး စီးပွားရေးဦးတည်ချက်တွင် တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးအတွက် မိမိတို့နိုင်ငံ၏ ဒေသအလိုက်ထွက်ရှိသည့် သယံဇာတကုန်ကြမ်းများကိုအခြေခံကာ အရည်အသွေးကောင်းမွန်သည့် ကုန်ချောအမယ်အမျိုးမျိုးထုတ်လုပ်ပြီး ပြည်တွင်းပြည်ပစျေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရန်၊ ပြည်ပသွင်းကုန်များကို အစားထိုးနိုင်ရန် တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။

ပြည်တွင်းကုန်ထုတ်လုပ်ခြင်းကို မြှင့်တင်ရာတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၏ အားမာန်၊ ဇွဲလုံ့လ၊ ဆန်းသစ်တီထွင်သော စိတ်ကူးအကြံဉာဏ်၊ ခွန်အားများကိုအရင်းတည်ကာ နေပြည်တော်၌ သစ်ထွင်းလေဆာပန်းချီလုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းရှင် ကိုညီညီလွင်နှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ရပါသည်−

မေး။ ။  ပုံရိပ် CNC သစ်ထွင်းလေဆာပန်းချီလုပ်ငန်းကို ဘယ်အချိန် က စတင်လုပ်ကိုင်ဖြစ်ခဲ့ပါသလဲ။

ဖြေ။ ။ ၂၀၁၉ ခုနှစ်မှာစပြီး လုပ်ကိုင်ခဲ့တာပါ။ စစချင်းတော့ အိမ်တွင်းအလှဆင်လုပ်ငန်းမှာသုံးတဲ့ အလှပန်းဖောက်တာမျိုးကို ကိုယ်တိုင်ဦးစီးပြီး စတင်လုပ်ခဲ့ပါတယ်။

မေး။ ။ သစ်ထွင်းလေဆာပန်းချီလုပ်ငန်း စတင်လုပ်ကိုင်ဖြစ်ပုံနဲ့ CNC အကြောင်း ရှင်းပြပေးစေလိုပါတယ်။

ဖြေ။ ။ ၂၀၁၂ ခုနှစ်မှာ အလုပ်သမားဝန်ကြီးဌာနကနေပြီးတော့ ကိုရီးယားနိုင်ငံသွားဖို့ စာမေးပွဲအောင်မြင်တဲ့သူတွေကို အလုပ်လုပ်ဖို့ ပို့ပေးခဲ့ပါတယ်။ ကိုရီးယားနိုင်ငံမှာ CNC လုပ်ငန်းကို ငါးနှစ်ကြာလုပ်ကိုင်ခွင့်ရခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံကို ပြန်လာခဲ့ပါတယ်။ လုပ်ငန်းအတွေ့အကြုံလည်း ရလာတော့ ဒီ CNC လုပ်ငန်းကိုလုပ်မယ်ဆိုပြီး ဖြစ်လာတာပါ။ CNC ဆိုတာက Computer Numerical Control လို့ခေါ်ပြီး ကွန်ပျူတာနဲ့ ကိရိယာများကို အလိုအလျောက်ထိန်းချုပ်မှု စက်ဖြစ်ပါတယ်။ ကွန်ပျူတာကနေ ဂဏန်းနံပါတ် Code အဖြစ်ပြောင်းပြီး သံကိုဖြတ်တာရှိတယ်၊ ကျောက်ကိုဖြတ်တာရှိတယ်၊ သစ်သားကိုဖြတ်တာရှိတယ်၊ PVC ပြားကိုဖြတ်တာရှိတယ်၊ လိုချင်တဲ့ ဒီဇိုင်းဆွဲပြီး ပုံဖော်တာ ဖြစ်ပါတယ်။

မေး။ ။ပုံရိပ် CNC သစ်ထွင်းလေဆာပန်းချီလုပ်ငန်းအနေနဲ့ လက်ရှိဆောင်ရွက်နေမှုအခြေအနေကိုလည်း ရှင်းပြပေးစေလိုပါတယ်။

ဖြေ။ ။ ပုံရိပ် CNC အနေနဲ့ လုပ်ငန်းစစချင်းမှာတော့ CNC Router နဲ့ ဒီဇိုင်းပုံဖော်တဲ့လုပ်ငန်းကို စတင်ခဲ့ပါတယ်၊၊ ၂၀၂၀ ပြည့်နှစ်မှာ လေဆာပန်းချီလုပ်ငန်းကို တိုးမြှင့်လုပ်ကိုင်ခဲ့တာပါ၊ သစ်ထွင်းလေဆာ အမှတ်တရပစ္စည်းတွေလုပ်ပါတယ်၊၊ လက်ရှိမှာတော့ အိမ်အလှဆင်တဲ့နေရာမှာ အသုံးပြုတဲ့ Modern Furniture ခေတ်မီပရိဘောဂတွေလည်း တိုးချဲ့ဆောင်ရွက်လျက်ရှိပါတယ်၊၊

မေး။ ။  Modern Furniture အဖြစ် ဆောင်ရွက်မှုကိုလည်း ရှင်းပြပေးစေလိုပါတယ်။

ဖြေ။ ။ Modern Furniture ဆိုတာကတော့ အိမ်တွင်းအလှဆင် ပရိဘောဂဖြစ်တဲ့ စာအုပ်စင်အလှဒီဇိုင်း၊ ကောင်တာအလှ ဒီဇိုင်း၊ အခန်းကန့်တဲ့ လိုက်ကာ၊ Light Box စတာတွေကို ဆောင်ရွက်တာဖြစ်ပါတယ်။

မေး။ ။ထုတ်ကုန်ပစ္စည်းအတွက် ဘယ်လိုကုန်ကြမ်းမျိုးကို အသုံးပြုပါသလဲ။

ဖြေ။ ။ CNC Router နဲ့ ဖြတ်တဲ့ပစ္စည်းအတွက် PVC ပြား၊ ကော်ပြား၊ Composite အသား၊ သစ်သားတွေကို သုံးလို့ရပါတယ်။ PVC ဆိုတာက ပလတ်စတစ်နဲ့ ဖော့ရောထားတာ။ မြန်မာနိုင်ငံမှာဆိုရင် တိုကျိုပိုက်က လုပ်ပါတယ်။ ပိုက်လုပ်တဲ့အသားတွေပါ။ ဆော့ဖ်ဝဲလ်နဲ့ ရေးထားတာကို PVC ပြားပေါ်မှာ ထွင်းပါတယ်။ 2D ပက်တန်ဖောက်တာနဲ့၊ 3D ဖောင်းကြွထွင်းတာ ဒီဇိုင်းနှစ်မျိုးပုံဖော်ပါတယ်။ လေဆာစက်မှာတော့ သစ်သားကိုထွင်းပါတယ်၊၊ အများဆုံးကတော့ ရော်ဘာဖင်းဂါးဂျွိုင့်သစ်သား၊ ရော်ဘာအထပ်သား၊ ထင်းရှူးသား၊ ကျွန်းသားပေါ်တွေမှာ အသုံးပြုတာများပါတယ်။

မေး။ ။ CNC Router စက်နဲ့ PVC ဖြတ်တာကို ဘယ်လိုနေရာတွေမှာ အသုံးပြုပါသလဲ၊ အရည်အသွေးပိုင်းကိုလည်း ရှင်းပြပေးပါ။

ဖြေ။ ။ ဆိုင်းဘုတ်၊ Light Box တွေ လုပ်တဲ့နေရာမှာ အသုံးများပါတယ်၊၊ CNC Router စက်နဲ့ PVC ပေါ်ဖြတ်ပြီး ပုံဖော်ထားတာတွေကို Decoration အခန်းအလှဆင်တဲ့နေရာမှာ အများဆုံးအသုံးပြုပါတယ်။ အနုစိတ်လုပ်ရတာဖြစ်တဲ့အတွက် သစ်သားကို သုံးရင်ကျိုးပါတယ်။ PVC က တမင်ချိုးတာမျိုးမဟုတ်ရင် မကျိုးပါဘူး။ နေပူခံ၊ မိုးစိုခံပါတယ်။ လိုချင်တဲ့အရောင် ဆေးထပ်မှုတ်လို့လည်းရပါတယ်။

မေး။ ။ CNC နဲ့ ဖြတ်ဖို့ ဒီဇိုင်းကို ဘယ်လိုလုပ်ပါသလဲ။

ဖြေ။ ။ ဒီဇိုင်းကို ကိုယ်တိုင်ဆွဲပါတယ်၊ ပစ္စည်းဖြတ်ဖို့အတွက် CNC Router စက်ကို မောင်းဖို့အတွက် စက်မောင်းပညာကိုတော့ လုပ်သားကိုပြန်သင်ပေးပါတယ်၊ တချို့ဆိုရင်ကွန်ပျူတာအခြေခံတောင် မရှိတဲ့သူတွေ ရောက်လာတာမျိုးရှိပါတယ်။

မေး။ ။ CNC စက်နဲ့ဖြတ်ဖို့ ဆောင်ရွက်ရတဲ့ လုပ်ငန်းဆောင်ရွက်ပုံကိုလည်း ရှင်းပြပေးပါ။

ဖြေ။ ။ Customer ဝယ်ယူသူလိုချင်တဲ့ အတိုင်းအတာနဲ့ပက်တန်ဒီဇိုင်းကို ဆော့ဖ်ဝဲလ်နဲ့ ဆွဲပေးရပါတယ်၊၊ ပြီးရင် CNC စက်နဲ့ပုံဖော်ဖြတ်ဖို့၊ စက်မောင်းဖို့အတွက် ကွန်ပျူတာဆော့ဖ်ဝဲလ်ကနေ G code ထုတ်ပါတယ်၊ G code ထုတ်ပြီးမှ စက်မှာ ပြန်မောင်းတာ၊ အဆင့်သုံးဆင့်လောက် သွားရပါတယ်၊၊ ကွန်ပျူတာကနေ ဆောင်ရွက်ဖို့အမိန့်ပေးတာပါ။ ကျွန်တော်ကတော့ ဒီဇိုင်းအတွက် ဆော့ဖ်ဝဲလ်တစ်ခု၊ G code ပြောင်းပြီး စက်မောင်းဖို့အတွက် ဆော့ဖ်ဝဲလ်တစ်ခုသုံးပါတယ်။ တချို့ဆော့ဖ်ဝဲလ်တွေက ဒီဇိုင်းရော၊ G code ပြောင်းပြီး စက်မောင်းဖို့ရော တစ်ခါတည်းသုံးလို့ရတဲ့ ဆော့ဖ်ဝဲလ်တွေလည်းရှိပါတယ်။ CNC Router စက်နဲ့ ဖြတ်တဲ့နေရာမှာ ပစ္စည်းအရွယ်အစားပေါ်မူတည်ပြီး ပြီးစီးတဲ့အချိန် ကွာပါတယ်၊ 3D ဆိုရင် ဖောင်းကြွထွင်းရတာဖြစ်တဲ့အတွက် အချိန်ပိုကြာပါတယ်။ 3D က လက်နဲ့လုပ်ရင်လည်း အချိန်ကြာပါတယ်။ လက်နဲ့လုပ်ရင် လွဲတာမျိုးရှိပါတယ်။ CNC က မီလီမီတာနဲ့ ဖြစ်တဲ့အတွက် တော်တော်တိကျပါတယ်၊ လက်မနဲ့ဆိုလည်း စက်ကပြောင်းပေးပါတယ်၊ အတိုင်းအတာတွေ သုံးတာကတော့ မီလီမီတာနဲ့များပါတယ်။

မေး။ ။ လေဆာနဲ့လုပ်တဲ့ လုပ်ငန်းဆောင်ရွက်ပုံကိုလည်း ရှင်းပြပေးစေလိုပါတယ်၊၊

ဖြေ။ ။ လေဆာနဲ့ လုပ်တာတော့ ဆောင်ရွက်ရတဲ့အဆင့် နည်းသွားတာပေါ့၊ ဒီဇိုင်းဆွဲပြီးသွားရင် ကွန်ပျူတာကနေတန်းပြီး စက်မောင်းလို့ရတယ်၊ G code ထုတ်ဖို့မလိုတော့ဘူး၊ ပိုလွယ်တာပေါ့။ CNC စက်နဲ့ဆိုရင် ပိုပြီးသပ်ရပ်ပါတယ်။ စက်နဲ့ထွင်းပြီးသွားရင် ကော်ပတ်နဲ့ အချောတိုက်ပါတယ်။ မြန်မာမှုအနုပညာတွေကို လက်နဲ့ထွင်းတာကျတော့ အချိန်ကြာတယ်။ လက်နဲ့လုပ်ရင် တစ်ခုနဲ့တစ်ခု ထပ်ကြည့်ရင် တစ်ထပ်တည်း မကျတာမျိုးရှိတယ်၊ စက်နဲ့ဆိုတော့ တစ်ထပ်တည်းကျတယ်၊ ထုတ်လုပ်မှုလည်းပိုမြန်တယ်။

မေး။ ။ အသေးစိတ်လုပ်ရတာမျိုးဆိုရင် CNC Router နဲ့ CNC လေဆာစက်နဲ့ ဘယ်စက်က ပိုပြီးအဆင်ပြေပါသလဲ။

ဖြေ။ ။ အနုစိတ်လုပ်ရတဲ့ လုပ်ငန်းမျိုးဆိုရင်တော့ လေဆာနဲ့ လုပ်တာအဆင်ပြေဆုံးပါ၊ အတိုင်းအတာကြီးရင်တော့ CNC Router က ပိုအဆင်ပြေပါတယ်။ လေဆာနဲ့ကစာခြစ်တာကမြန်တယ်။ ပုံခြစ်တာက ပိုကြာပါတယ်။

မေး။ ။ ပုံရိပ် CNC လုပ်ငန်းအနေနဲ့ အလှဆင်ပစ္စည်းတွေကို ထုတ်ကုန်အနေနဲ့ထုတ်ပြီး ရောင်းတာလား၊ ပစ္စည်း Order အမှာ လက်ခံတာကို အဓိကလုပ်တာလား။

ဖြေ။ ။ အဓိကတော့ ပစ္စည်း(Order) အမှာလက်ခံတာပါ၊ လုပ်သားများတဲ့ အချိန်တွေမှာ အလုပ်မပြတ်စေဖို့နဲ့ လက်ဆောင်ပေးချင်တဲ့သူတွေအတွက် အချိန်စောင့်စရာမလိုဘဲ  အရန်သင့်ဝယ်ယူလို့ရအောင်(Readymade) အသင့်လုပ်ပြီး ပစ္စည်းတွေကို သပြေကုန်းဈေးမှာ ဆိုင်ဖွင့်ပြီး ရောင်းပါတယ်၊ ဆိုင်မှာ Order အမှာလည်း လက်ခံပေးပါတယ်။ လိုချင်တဲ့ဒီဇိုင်းယူလာပြီး ထွင်းခိုင်းလည်းရပါတယ်။ ဒီဇိုင်းဆွဲခပေးစရာမလိုပါဘူး။

မေး။ ။ CNC Router နဲ့ ဖြတ်တဲ့နေရာမှာ ဈေးနှုန်းအနေနဲ့ ဘယ်လိုသတ်မှတ်ထားပါသလဲ၊၊

ဖြေ။ ။ Customer သုံးချင်တဲ့ ပစ္စည်းနဲ့ထုအနေအထားပေါ် မူတည်ပြီးဈေးနှုန်းကအမျိုးမျိုးရှိပါတယ်၊ ထုအမျိုးအစားပေါ်မူတည်ပြီး တစ်ပေပတ်လည်ကို ကျပ် ၂၅၀၀ ကနေ ၁၀၀၀၀ အထိ ရှိပါတယ်။

မေး။ ။ CNC လေဆာနဲ့ဖြတ်တဲ့နေရာမှာရော ဈေးနှုန်းအနေနဲ့ ဘယ်လိုသတ်မှတ်ထားပါသလဲ။

ဖြေ။ ။ CNC လေဆာနဲ့က လက်ရှိ ကျွန်တော့်စက်က ထုအထူပိုင်းမရတဲ့အတွက် အပါးပဲဖြတ်ပါတယ်၊ တစ်ပေ ပတ်လည်ကို ကျပ် ၃၀၀၀ ဝန်းကျင်ယူပါတယ်။

မေး။ ။ CNC လေဆာနဲ့ ခြစ်တာက ဘယ်လိုပစ္စည်းမျိုးတွေ ဆောင်ရွက်ရပါသလဲ။

ဖြေ။ ။ လေဆာနဲ့ခြစ်တဲ့နေရာမှာ လက်ရှိက သစ်အသားပေါ်မှာ လက်ဆောင်ပစ္စည်း၊ အမှတ်တရဓာတ်ပုံ၊ မင်္ဂလာဆောင်လက်ဖွဲ့လက်ကမ်း၊ တစ်သက်တာပြက္ခဒိန်နဲ့ တခြားအမှတ်တရပစ္စည်းတွေလုပ်ပါတယ်၊ ပြီးရင် ဌာန၊ အဖွဲ့အစည်းတွေရဲ့ ပြိုင်ပွဲလုပ်တဲ့ နေရာမှာပေးတဲ့ အောင်နိုင်မှုအထိမ်းအမှတ်ပစ္စည်း (Trophy) တွေလုပ်ရပါတယ်၊ စာလုံးထွင်းတာမျိုးတွေမှာ အိမ်တွင်းအလှဆင်တဲ့နေရာ၊ Decoration အခန်းအလှဆင်တဲ့ပစ္စည်းမျိုးတွေ အပြင်ကလာအပ်တာများပါတယ်၊ ကုမ္ပဏီ Logo ၊ Cosmetic အလှပြင်ပစ္စည်းစာလုံးတွေ လာအပ်တာများပါတယ်။

မေး။ ။ လေဆာနဲ့ပြုလုပ်တဲ့ ပစ္စည်းတွေကို ဘယ်လိုနေရာတွေမှာ အသုံးပြုကြပါသလဲ။

ဖြေ။ ။ အမှတ်တရပစ္စည်းအနေနဲ့ Logo တွေထည့်ပြီး လက်ဆောင်ပေးကြတာများပါတယ်။

မေး။ ။ ရောင်းအားအကောင်းဆုံး ပစ္စည်းတွေက ဘာတွေ ဖြစ်မလဲ။

ဖြေ။ ။ ရောင်းအားအကောင်းဆုံးကတော့ သစ်ထွင်းလေဆာ ပန်းချီနဲ့ဆိုရင် ဈေးဆိုင်တွေရဲ့ ဆိုင်းဘုတ်၊ ဝတ်ရွတ်ခုံ၊ ဘုရားပလ္လင်၊ သစ်သားပေါ် ဓာတ်ပုံလေဆာခြစ်၊ ပြက္ခဒိန်တွေ ရောင်းအားကောင်းပါတယ်။ CNC နဲ့ဆို အိမ်တွင်းအလှဆင်ပစ္စည်းတပ်ဆင်ပေးရတဲ့ အော်ဒါတွေလုပ်ရတာများပါတယ်။

မေး။ ။ ပုံရိပ် CNC သစ်ထွင်းလေဆာပန်းချီလုပ်ငန်းရဲ့ ထုတ်ကုန်တွေကို အများပြည်သူသိရှိအောင် ဆောင်ရွက်ပုံနဲ့ ရှေ့ဆက်ပြီး ဆောင်ရွက်မယ့်လုပ်ငန်းကိုလည်း သိပါရစေ။

ဖြေ။    ။        အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း ပြပွဲတွေမှာ ပြည်တွင်းထုတ်ကုန်အနေနဲ့ ပြဖြစ်ပါတယ်။ အွန်လိုင်းမှာလည်း Page ဖွင့်ထားပါတယ်။ ရှေ့ဆက်ပြီးတော့ ဆိုင်ခွဲထပ်ချဲ့ဖို့နဲ့ စက်ပစ္စည်းထပ်ထည့်ပြီး လုပ်ငန်းတိုးချဲ့ ဆောင်ရွက်သွားဖို့ရှိပါတယ်။

မေး။ ။ ပုံရိပ်လေဆာပန်းချီလုပ်ငန်းက ထုတ်ကုန်တွေကို ပြည်တွင်းပြည်ပ ဘယ်ဒေသတွေကို ပို့ဖြစ်ပါသလဲ။

ဖြေ။ ။ ပြည်တွင်း Order အမှာအနေနဲ့ကတော့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးက မှာတာများပါတယ်။ ပြည်ပအနေနဲ့ကတော့ စင်ကာပူကို ထုတ်ကုန်သုံးမျိုးလောက် ပို့ပြီးပါပြီ။ အွန်လိုင်းကနေတွေ့ပြီး မှာတာမျိုးရှိတဲ့အတွက် ပို့ရပါတယ်။

မေး။ ။ CNC လေဆာပစ္စည်းထုတ်ကုန်အနေနဲ့ အမျိုးအစားပေါင်း ဘယ်လောက်ထုတ်ပြီးပြီလဲ။

ဖြေ။ ။ ဖန်တီးမှုလုပ်နိုင်ရင် လုပ်နိုင်သလို ပစ္စည်းအမျိုးအစားက ထွက်ပါတယ်၊ Order အမှာလက်ခံတာက အဓိကဖြစ်တဲ့အတွက် Customer ပစ္စည်းအပ်တဲ့သူအပေါ်မှာလည်း မူတည်ပါတယ်။ ပစ္စည်းအမယ်ပေါင်း ၁၀၀ ကျော်လောက်ရှိပါပြီ။

မေး။ ။ သစ်ထွင်းလေဆာပန်းချီလုပ်ငန်းလုပ်တာနဲ့ ပတ်သက်ပြီး အများပြည်သူကို ဘာများအကြံပေးမျှဝေချင်ပါသလဲ။

ဖြေ။ ။ ကိုယ်ပိုင်လုပ်ငန်းလုပ်မယ်ဆိုရင် လုပ်ငန်းအကြောင်း အကုန်သိဖို့လိုပါတယ်၊ အဓိကကတော့ ကိုယ်သွားချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့အတွက် ဘယ်လိုလှေကားတွေရှိမလဲဆိုတာကို ပထမဆုံးလေ့လာရပါမယ်၊ အွန်လိုင်းခေတ်ဖြစ်တဲ့အတွက် လေ့လာရမယ့်နည်းလမ်းတွေကတော့ ပေါပါတယ်၊ တစ်ဆင့်ချင်းသွားပေါ့၊ မဖြစ်နိုင်တာမရှိပါဘူး။ (Handmade creation) လက်လုပ်ဖန်တီးမှု လုပ်တာမျိုးတွေကတော့ရပါတယ်။ ပုံစံငယ်လေးတွေဆိုရင် လေဆာနဲ့အဆင်ပြေပါတယ်။ နည်းပညာတွေကိုလည်း အွန်လိုင်းက လေ့လာလို့ရပါတယ်။ ကျွန်တော် သင်ခဲ့တုန်းက 3D ဆွဲတဲ့ ဆော့ဖ်ဝဲလ်

ပိုင်းဆိုရင် တရုတ်တွေသင်တာကို ဘာသာပြန်နဲ့သင်ရတာ။ ဒီကိုပြန်ရောက်တော့မှ စက်ရုံမှာ လုပ်သားတွေကို ပြန်သင်ပေးရတာ။

ကိုရီးယားမှာတော့ စက်မောင်းတဲ့အပိုင်းကိုပဲ လုပ်ခဲ့ရတာ။ ကုမ္ပဏီကြီးတွေက ဒီဇိုင်းပဲပေးလိုက်တာ၊ လုပ်ငန်းကြီးတွေလုပ်ရတာပေါ့။ ဒီမှာတော့ သစ်ထွင်းလုပ်ငန်းဖြစ်တဲ့အတွက် ဒီဇိုင်းကိုလည်း ကိုယ်တိုင်ပဲလုပ်ပါတယ်၊ အပြင်အပ်ရင်ကုန်ကျစရိတ်များမယ်၊ ကုန်ကျစရိတ်များရင် သူများနဲ့ယှဉ်ရောင်းရင် အဆင်မပြေတော့ဘူး၊ ဒီဇိုင်းပိုင်းကို ကိုယ်တိုင်လုပ်နိုင်အောင် လေ့လာရပါတယ်၊ အပြင်ကအတွေ့အကြုံနဲ့ သင်ထား၊ လေ့လာထားတဲ့ပညာနဲ့ ပေါင်းစပ်လုပ်ကိုင်ရပါတယ်။ အိန္ဒိယ၊ ဗီယက်နမ်နိုင်ငံတို့မှာဆိုရင် ဒီဇိုင်းပိုင်းအတွက် ကွန်ပျူတာတစ်လုံးရှိရင်ပြီးပြီ။ Service ဖြစ်သွားတာပေါ့။ စက်လည်းရှိစရာမလိုဘူး။ မြန်မာနိုင်ငံမှာလည်း နောက်ပိုင်းအများကြီးဖြစ်လာမှာပါ။ လုပ်ငန်းသေးသေးလေးက စမယ်ဆိုရင်တော့ ရပါတယ်။ ကိုယ်ပိုင်စီးပွားရေးကို ငွေကျပ်သိန်း ၁၀၀ အောက်နဲ့ သစ်ထွင်းလေဆာပန်းချီ လုပ်ငန်းကို လုပ်လို့ရပါတယ်။ နေရာလည်းအများကြီး မလိုတဲ့အတွက် အရိပ်ထဲနေရင်းလုပ်လို့ရတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်လို့ အကြံပေးချင်ပါတယ်။ ။

တွေ့ဆုံမေးမြန်း − ရွှေပင်လယ်(IPRD)

ဓာတ်ပုံ − မျိုးသီဟ(ပျဉ်းမနား)