Skip to main content

ဝါးနက်ဆင်စခန်းတွင် လွတ်လပ်ရေးနေ့က ဆင်ပေါက်(အထီး)ကလေးတစ်ကောင် မွေးဖွား

မန္တလေး ဇန်နဝါရီ ၇

မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့နယ်အကြား‌ ရဲရွာ‌ရေလှောင်တမံသွားကားလမ်း‌ဘေးတွင် ဖွင့်လှစ်ထားရှိသည့် ဝါးနက်အပန်း‌ဖြေဆင်စခန်းတွင် ဆင်ထီးသုံးကောင်၊ ဆင်မငါးကောင်ဖြင့် အပန်းဖြေလာရောက်သူများအား ဖျော်ဖြေဝန်ဆောင်မှုပေးလျက်ရှိပြီး ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့) နံနက် ၄ နာရီကျော်ခန့်က ဆင်မိခင်ငြိမ်းစောလေးမှ ဆင်ပေါက် (အထီး)ကလေးတစ်ကောင်မွေးဖွားခဲ့ရာ ငြိမ်းချမ်းဦးဟု အမည်ပေးထားကြောင်း သိရသည်။

အဆိုပါ ဆင်ပေါက်ကလေးကို ဆင်စခန်းမှ တစ်မိုင်ခန့်အကွာ ပုံမှန်စားကျက်ဖြစ်သည့် ဘူးကွဲချောင်းစားကျက်တွင် သဘာဝအတိုင်းမွေးဖွားထားသည်ကို ဆင်ထိန်းသမားများက စားကျက်ကောက်ချိန်တွင် တွေ့ရှိခဲ့သည်ဟု မြန်မာ့သစ်လုပ်ငန်းမှ ဝါးနက်ဆင်စခန်း ထိန်းသိမ်းရေးတာဝန်ခံက ပြောသည်။

“ပုံမှန်စားကျက်ထဲမှာပါ။ ဘူးကွဲချောင်းကနေ တောင်တစ်ခုကျော်သွားရတဲ့ တစ်မိုင်ခွဲခန့်အကွာလောက်မှာ သူ့ဘာသာသူမွေးတာ။ ဆင်ကောက်သမားတွေ နံနက် ၅ နာရီလောက်သွား‌တော့ မွေးပြီးနေပြီ။ ဆင်မကြီးရဲ့ အပြုအမူတွေအရ သိပ်မကြာခင်က မွေးတာလို့ခန့်မှန်းပြီး မွေးချိန်ကို ၄ နာရီ ၁၅ မိနစ်လို့ သတ်မှတ်တယ်။ ဆင်ကို အမည်ပေးတဲ့အခါ သူမိခင်နာမည်ကိုယူပြီးပေးရပါတယ်”ဟု ၎င်းကပြောသည်။

ငြိမ်းစောလေးမှ မွေးဖွားချိန်နီးနေပြီဖြစ်သောကြောင့် မွေးဖွားမှုကိုဆောင်ရွက်ပေးမည့် ဝါရင့်ဆင်အုပ်တစ်ဦးအား မမွေးဖွားမီကတည်းက ကြိုတင်ခေါ်ယူထားကြောင်း၊ မွေးဖွားမှုသိရှိပြီးနောက် တာဝန်ရှိသူများအားသတင်းပို့ခြင်း၊ ဆင်ဆရာဝန်နှင့်အတူ မွေးဖွားရာသို့ရောက်ရှိကာ လုပ်ထုံးလုပ်နည်းများအတိုင်း မှတ်တမ်းတင်ခြင်းတို့ ဆောင်ရွက်ကြောင်း သိရသည်။

“ဆင်က သူ့ဘာသာလုပ်တဲ့ မွေးကျင်းကကျဉ်းတော့ ကျယ်တဲ့နေရာကိုရွှေ့ပေးတယ်။ မွေးတဲ့နေရာနဲ့ ဆင်စခန်းကြားမှာ နှစ်နေရာလောက်ရွှေ့ပြီး ဇန်နဝါရီ ၅ ရက်မှ ဆင်စခန်းကိုရောက်တယ်။ ဆင်မွေးတာ ဖေ့စ်ဘုတ်တင်လိုက်တော့ ဆင်ချစ်သူတွေက သူတို့စိတ်ကူးနဲ့ နာမည်အမျိုးမျိုးပေးကြတယ်။ ဆင်စခန်း အလည်အပတ်ရောက်လာတဲ့သူတွေက ခုဆိုရင်ဆင်ကလေးကိုပဲ ဝိုင်းကြည့်နေကြတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ဆင်များမှာ မွေးဖွားပြီးစအချိန်တွင် အထီး/အမခွဲခြားရန်ခက်ခဲသဖြင့် ဆင်ဆရာဝန်မှ  သေချာစစ်ဆေး၍ အထီး/အမအတည်ပြုပြီး ဆင်မွေးဖွားမှုမှတ်တမ်းပြုစုကြောင်း၊ ကိုယ်ဝန်ဆောင်ချိန်မှာ ၂၂ လနှင့် ဆင်၏ သက်တမ်းမှာ လူ့သက်တမ်းနှင့်တူညီကြောင်း သိရသည်။

မောင်အေးချမ်း