မကွေး ဇန်နဝါရီ ၇
မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို လာမည့် ဖေဖော်ဝါရီ ၁၄ ရက်(တပို့တွဲလဆန်း ၅ ရက်)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ပွဲတော်ကျင်းပနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မန်းရွှေစက်တော် ဘုရား ပွဲတော် ကျင်းပရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းက သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မန်းရွှေစက်တော်ဘုရားသွားရာ (၃)မိုင်အဝင်လမ်းရှိ မုခ်ဦးရှေ့သို့ ရောက်ရှိပြီးကြည့်ရှုစစ်ဆေးရာ မန်းရွှေစက်တော်ဘုရားသွားရာ (၃) မိုင်အဝင် လမ်း၌ Landscape အလှပန်းခြံ၊ ပန်းအိုးနှင့် ပန်းအလှပင်များ စိုက်ပျိုးရန်ဆောင်ရွက်ခြင်း၊ မြေထိန်းနံရံတည်ဆောက်ခြင်း၊ (၃)မိုင်လမ်းတစ်လျှောက် Flower Box ပန်းအလှပင်များစိုက်ပျိုးခြင်း၊ ဘုရားဖူးများ သွားလာရေးအဆင်ပြေစေရန် Box Culvert တံတားငယ်နှစ်စင်းတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မန်းရွှေစက်တော်ဘုရားသို့ရောက်ရှိကာ ဘုရားပွဲတော်ကျင်းပမည့် ပွဲတော်ကွင်းတွင် မန်းချောင်းအတွင်း ရေလမ်းကြောင်းလွှဲခြင်း၊ တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများ ဆောက်လုပ်နိုင်ရေး မြေနေရာရှင်းလင်းခြင်း၊ အထက်စက်တော်ရာ ခြေလျင်အတက်စောင်းတန်းရှေ့၌ မန်းချောင်းရေတိုက်စားမှု ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ နဂါးအိုင်ပြုပြင်ခြင်း၊ အောက်စက်တော်ရာ ဘုံခုနစ်ဆင့်ရှိ မျက်ပါးရွှေဆိုင်းများကို ရွှေဆေးအသစ်ဖြင့် ပြန်လည်ကပ်လှူပူဇော်နိုင်ရန်နှင့် ဘေလီသံပေါင်တံတားတပ်ဆင်ရန် ဆောင်ရွက်ခြင်း၊ လင်းနို့တောင် စတီးပန်းဆွဲများကို မြန်မာမှုရှေးမူလက်ရာမပျက်ပြုပြင်ခြင်း၊ အောက်စက်တော်ရာနှင့် အထက်စက်တော်ရာ အမိုး၊ မျက်နှာကြက်အလှဆင်ခြင်းနှင့် ဘုံအဆင့်တိုင်လုံးများ ဆေးသုတ်ပြုပြင်ခြင်း၊ ကိုးခန်းကြီးမှ အထက်စက်တော်ရာ အတက်လမ်းစောင်းတန်း ငါးသွယ်ပြုပြင်ခြင်း၊ ကိုးခန်းကြီးနှင့် ဓာတ်လှေကားကြား၌ ကျောက်ကြီးစီ၍ မြေထိန်းနံရံများတည်ဆောက်ပြုပြင်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများအား မန်းရွှေစက်တော် ဘုရားပွဲတော်မကျင်းပမီ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် တည်ဆောက်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းအားလုံးကို ဘုရားပွဲတော်ရက်မတိုင်မီ အပြီးဆောင်ရွက်သွားရန် မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မန်းရွှေစက်တော်ရာဘုရား အထက်စက်တော်ရာနှင့် အောက်စက်တော်ရာတို့တွင် ရွှေသင်္ကန်းနှင့် ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကာ ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရသည်။
မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို နှစ်စဉ်တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း တစ်ရက်နေ့အထိ ရက်ပေါင်း ၈၀ ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လေ့ရှိပြီး ယခုနှစ်သည် မြန်မာလဝါထပ်သည့်နှစ်ဖြစ်သည့်အတွက် ပွဲတော်ရက်ကာလကို ၆၄ ရက်သာ ကျင်းပမည်ဖြစ်ကြောင်း၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများ အဆင်ပြေစေရန် တည်းခိုဆောင် အလုံးပေါင်း ၈၀၀ ခန့်နှင့် ဈေးဆိုင်ခန်းပေါင်း ၄၀၀ ခန့်ကို ဆောက်လုပ်ပေးသွားမည်ဖြစ်ပြီး ဘုရားဖူးများကို ညအိပ်တည်းခိုခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မင်းဘူးမြို့နယ် ကန်ရေ-ရေမျက်-ကျောက်တန်း လမ်းပိုင်းတစ်လျှောက်ရှိ မိုးကောင်းသောက်ယာမြေများသို့ ရောက်ရှိပြီး ကွင်းအမှတ် ၁၃၀၄ ရှိ မိုးကောင်းသောက် ယာမြေများတွင် မြေအောက်ရေတွင်း ဆိုလာရေတင်စနစ်ဖြင့် ဖြည့်စွက်ရေအသုံးပြု၍ ယာသီးထပ်(နေကြာ၊ ကြက်သွန်နီ၊ ကုလားပဲ၊ စားဖိုဆောင်သီးနှံ) စိုက်ခင်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်သည့် တောင်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
မောင်ညီညာ