ရန်ကုန် ဇန်နဝါရီ ၇
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၈ နာရီတွင် တွံတေးမြို့နယ် တလုတ္ထော်ကျေးရွာအနီး မွေးမြူရေးအထူးဇုန်သို့သွားရောက်၍ မွေးမြူရေးဇုန်အပိုင်း(၃)အတွင်း ဒေသကြက်အကောင်ရေ ၇၂၀ မွေးမြူထားရှိမှု၊ ဆိတ် ၁၅၇ ကောင်နှင့် တိရစ္ဆာန်အစာ နေဗီယာမြက်နှင့် အစ္စရေးမြက်များ စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး အကောင်ရေ ထပ်မံတိုးချဲ့မွေးမြူရန်နှင့် တိရစ္ဆာန်အစားအစာဖူလုံစေရေးအတွက် တိုးချဲ့စိုက်ပျိုးသွားရန် မှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဇုန်(၃)အတွင်းရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ထိန်းသိမ်းထားရှိသည့် ၁၅ ရာစုခန့်က ရှေးဟောင်းစဉ့်ဖို၊ မွေးမြူရေးဇုန်အပိုင်း(၂)အတွင်း MDP Co.မှ ဖီရှန်မျိုးနို့စားနွား ၇၁ ကောင် မွေးမြူထားရှိမှု၊ မွေးမြူရေးဇုန်အပိုင်း(၁)ရှိ တွံတေးအဖွဲ့မွေးမြူရေးခြံ၌ ဥစားကြက် အကောင်ရေ ၅၀၀ နှင့် ဆိတ် ၁၈၆ ကောင်မွေးမြူထားရှိမှုနှင့် တိရစ္ဆာန်အစာ နေဗီယာမြက်နှင့် ပြောင်းစိုက်ပျိုးထားရှိမှု၊ ရွှေဘဲကုမ္ပဏီလီမိတက်မှ ချယ်ရီဘယ်ရီမျိုး ဘဲအကောင်ရေ ၁၀၀၀ မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ညှိနှိုင်းဆွေးနွေး
ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် တွံတေးမွေးမြူရေးအထူးဇုန် ရှင်းလင်းဆောင်၌ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ လုပ်ငန်းရှင်တစ်ဦးချင်းအလိုက် လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများနှင့် ထပ်မံတိုးချဲ့ဆောင်ရွက် မည့်အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်တွင် အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)မှ ၂၁ တန် Amphibious Excavator ဖြင့် ရန်ကုန်- ပုသိမ်လမ်းတောင်ဘက်ခြမ်း၊ တွံတေးလမ်းနှင့်တောင်ကြားချောင်းအကြား ရေစုကန်ရေမြောင်းအရှည် ပေ ၃၀၀၀၊ အကျယ် ၁၈ ပေ၊ အနက်ရှစ်ပေ ရေလမ်းကြောင်း ပြန်လည်တူးဖော်၍ ထွက်ရှိသည့် နုန်းမြေတို့ဖြင့် လမ်းပခုံးသားတိုးချဲ့ရန်စုပုံနေမှုကို ကြည့်ရှုစစ်ဆေးပြီး ရေလမ်းကြောင်းဖြောင့်ဖြူး၍ ရေစီးရေလာကောင်းမွန်စေရေးနှင့် လမ်းတစ်လျှောက် သန့်ရှင်းသပ်ရပ်ရေး ဆောင်ရွက်ရန်မှာကြားသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၆)ရပ်ကွက်ရှိ အောင်မင်္ဂလာလမ်းထိပ်တွင် ရန်ကုန်-ပုသိမ်လမ်းသို့ ဆက်သွယ်သည့် အရှည် ၆၂ ပေ၊ အကျယ် ၂၂ပေ ကွန်ကရစ်တံတားတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်