နေပြည်တော် ဇန်နဝါရီ ၇
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ ပုသိမ်စက်မှုစီမံကိန်းရုံး၌ ပို့ကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
မှာကြား
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းလယ်ယာထွက်ကုန်ဈေးကွက် တည်ငြိမ်စေရန်၊ တောင်သူများ၊ ပို့ကုန်လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရန်၊ စက်ရုံများအားလုံးလည်ပတ်ရေး ဆောင်ရွက်ရန်၊ ထုတ်လုပ်မှုစွမ်းဆောင်ရည်များ တိုးချဲ့ရန်၊ အရည်အသွေးကောင်းအောင် စီမံခန့်ခွဲရန်နှင့် ကုန်သွယ်မှုသတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ သိရှိအောင် ချိတ်ဆက်ဆောင်ရွက်ရန်တို့ကို မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဧရာဟင်္သာ Trading Co., Ltd. ၏ ပုသိမ်ဆန်စက်ကို လည်းကောင်း၊ ဧရာဝတီအပြည်ပြည်ဆိုင်ရာ စက်မှုဆိပ်ကမ်းကိုလည်းကောင်း၊ SHUANGXI(စွန်းချီ) ပုသိမ် Garments Co., Ltd. အထည်ချုပ်စက်ရုံကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပုသိမ်မြို့ Ayeywaddy Fisheries Ltd. အအေး ခန်းစက်ရုံတွင် ပုစွန်သားပေါက်မွေးမြူရေးမှ ပြည်ပသို့တင်ပို့သည့် ကုန်ချောထုတ်လုပ်နေမှုအဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးပြီး ဝယ်ယူသည့်နိုင်ငံ၏ လိုအပ်ချက်စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်ရန်၊ အလုပ်သမားများ ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန်နှင့် ပြည်ပသို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်မြောင်းမြမြို့ Paddy Star ဆန်စက်နှင့် သိုလှောင်ရုံသို့ ရောက်ရှိပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့ရှိ Shwe Me Group of Company ၏ ပြောင်းသိုလှောင်ရုံသို့ရောက်ရှိပြီး သိုလှောင်ရုံအတွင်း ပြည်ပသို့တင်ပို့ရန် ပြောင်းများသန့်စင်ပြီး ထုပ်ပိုးနေမှုကို ကြည့်ရှုစစ်ဆေးကာ ပြည်တွင်း တိရစ္ဆာန်အစားအစာဖူလုံမှုရှိပြီး ပိုလျှံသည့် ပြောင်းဖူးစေ့များ ပြည်ပသို့ ပို့ကုန်အဖြစ်တင်ပို့နိုင်ရေး ဆောင်ရွက်ရန်၊ ပြည်ပဈေးကွက်ရရှိရေးကို သတ်မှတ်စည်းမျဉ်း စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်သွားကြရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်