Skip to main content

တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဇန်နဝါရီ ၇

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၅ ရက်တွင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ရာတွင် ကျိုက်ထိုမြို့နယ် မြို့ရှောင်လမ်းအနီး၌ တရားမဝင် အခြားသစ် ၃ ဒသမ ၅၉၆ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၅၈၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇန်နဝါရီ ၆ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် 100% Polyester Woven Fabric အထုပ် ၈၀ အပါအဝင် ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၉၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၀၀၀၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ ညောင်လေးပင်ခရိုင်နှင့် ပြည်ခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် ၃ ဒသမ၂၉၇ တန်၊ သစ်မာ ၃ ဒသမ ၈၈၂ တန်နှင့် အခြားသစ် ၄ ဒသမ ၂၅၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၄၈၂၇၆)ကို သစ်တောဥပဒေအရလည်း‌ကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၆၉၈၂၇၆ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇန်နဝါရီ ၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့ကစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မန္တလေးမြို့အဝင် မြစ်ငယ်တံတားအနီး၌ မိုင်းလားမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးနှင့် ရန်ကုန်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်‌တော်ယာဉ်တစ်စီးတို့ပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ခေါင်းစွပ်ဦးထုပ် ၁၃၅၀၊ ထိုင်းနိုင်ငံထုတ် ဆပ်ပြာခဲဘူး ၄၁၄၄၀ အပါအဝင် ကုန်ပစ္စည်းခုနစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၂၀၉၀၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး၊ Cheng Long Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၂၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၄၀၉၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဇန်နဝါရီ ၅ ရက်နှင့် ၆ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲရှစ်မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၉၉၁၄၁၃၆)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်