နေပြည်တော် ဇန်နဝါရီ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပြည်နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းသား၊ ကျောင်းသူများက “စုံညီပွဲတော်ဒို့နွှဲပျော်” သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။ ထို့နောက် တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်နယ်ပညာရေးမှူးက စုံညီပွဲတော်ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် တိုင်းမှူးက ပညာရေးစုံညီပွဲတော်အတွက် ထောက်ပံ့ငွေများပေးအပ်ရာ ပြည်နယ်ပညာရေးမှူးက လက်ခံရယူသည်။
၎င်းနောက် ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်ချက်အကောင်းဆုံးရရှိသော မြို့နယ်နှင့် ကျောင်းများ၊ မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် ဆုရရှိသောကျောင်းများနှင့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး ကျောင်းသား၊ ကျောင်းသူများ၏ ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။