နေပြည်တော် ဇန်နဝါရီ ၆
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိမြို့နယ် မိုးဆွေကျေးရွာအုပ်စု ပန်းတင်ကျေးရွာ ဝေဠုဝန်ကျောင်းတိုက်၌ ကျင်းပသည့် အသံမစဲ ဥပ္ပါတသန္တိပါဠိတော် ကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြည်ညိုကြသည်။
နာယူကြည်ညို
ဦးစွာ ပုဗ္ဗသီရိမြို့နယ် အောင်စည်သာပရိယတ္တိ စာသင်တိုက် ပဓာနနာယကဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိစက္ခဏထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တဝိစက္ခဏထံ ပြည်ထောင်စုဝန်ကြီးက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဒုတိယဝန်ကြီး ဦးအေးထွန်းက နဝကမ္မအလှူငွေ ကျပ်ငါးသိန်းနှင့် ဥပ္ပါတသန္တိဂေါပကအဖွဲ့ဝင် ဦးထွန်းကြည်က ဥပ္ပါတသန္တိပါဠိတော်ဝတ်ရွတ်စဉ် စာအုပ်များ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တဝိစက္ခဏက အနုမောဒနာ တရားဟောကြားတော်မူသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝေဠုဝန်ကျောင်းဝင်းအတွင်း၌ တည်ထားကိုးကွယ်တော်မူသော သာသနသိဒ္ဓိပါလ စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်ရင်ပြင်တော်ပေါ်ရှိ ဓမ္မာရုံတွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၅ ရက်မှစတင်၍ ၁၀၈ ရက်တိုင်တိုင် ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်လျက်ရှိသည့်အပြင် ပုဗ္ဗသီရိမြို့နယ် သီရိမင်္ဂလာဥသျှစ်ကုန်းကျောင်း၊ ဘုရားငါးဆူကျောင်းနှင့် ရွှေလွှမ်းတောင်ကျောင်းတို့၌ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်အထိ ၁၈ ရက်တိုင်တိုင်၊ ပုဗ္ဗသီရိမြို့နယ်အောင်စည်သာ ပရိယတ္တိစာသင်တိုက်၊ ဥတ္တရသီရိမြို့နယ် မြင့်ထူးသာ ကျောင်းတိုက်နှင့် ပျဉ်းမနားမြို့ သုခဝိဟာရသရက် ကုန်းကျောင်းတိုက်တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်အထိ ခုနစ်ရက်တိုင်တိုင်၊ တပ်ကုန်းမြို့နယ် မဟာဇနကကျောင်းတိုက်၊ လယ်ဝေးမြို့နယ် သရက်တောပရိယတ္တိစာသင်တိုက်နှင့် ဇေယျာသီရိမြို့နယ် မဟာဗောဓိမြိုင်ကျောင်းတိုက်တို့၌လည်း အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်းနှင့် ဒက္ခိဏသီရိ မြို့နယ်သဒ္ဓမ္မဝေပုလ္လပရိယတ္တိစာသင်တိုက်နှင့် ဇေယျာသီရိမြို့နယ် ရတနာစံပရိယတ္တိစာသင်တိုက်တို့၌လည်း ဥပ္ပါတသန္တိပါဠိတော်ကို ဆက်လက်ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်