Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၆

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပျဉ်းမနားမြို့နယ် ရွှေချီရပ်ကွက်အတွင်းရှိ (၆) လမ်းတံတား အနီးဝန်းကျင်နှင့် ငလိုက်ချောင်းတစ်လျှောက်တွင် သန့်ရှင်းသာယာရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် လူမှုရေးအသင်းအဖွဲ့များက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ် ကန်တော်မင်္ဂလာ ရှမ်းကန်အဆင့်မြှင့်တင်ခြင်းနှင့် လူလျှောက်လမ်းတံတားတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပျဉ်းမနားမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းဆောင်သစ် ပေ (၁၄၀x ၃၀) RCC နှစ်ထပ်ကျောင်းဆောင်တည်ဆောက်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ပျဉ်းမနားမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ဖွင့်လှစ်ထားသည့် ပျဉ်းမနားမြို့နယ် စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်စိုက်ခင်းကို လှည့်လည်ကြည့်ရှုအားပေးပြီး သီးနှံအကန့်လိုက် စိုက်ပျိုးနည်းစနစ် (Strip Cropping) များကို သင်ကြားပေးပြီး စံပြစိုက်ခင်းဖြစ်အောင် စိုက်ပျိုးကြစေလိုကြောင်း မှာကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ် အောင်ချမ်းသာ ကျေးရွာအတွင်းရှိ ရွှေပြည်စိုးဆီစက်လုပ်ငန်းလည်ပတ်နေမှု၊ ရွှေဥဒေါင်း ပဲကြော် ပဲလှော်လုပ်ငန်း များဆောင်ရွက်နေမှုနှင့် ပျဉ်းမနားမြို့နယ် ညောင်ပင်သာကျေးရွာအတွင်းရှိ ရွှေသီးနှံအဆင့်မြင့်ဆန်စက် လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုအားပေးပြီး ပျဉ်းမနားမြို့နယ် သနပ္ပင်ဆိပ်ကျေးရွာရှိ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ ပျဉ်းမနားမြို့နယ်အတွင်းရှိ တောင်သူများနှင့်တွေ့ဆုံ၍ တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                       

သတင်းစဉ်