နေပြည်တော် ဇန်နဝါရီ ၆
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတို့သည် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကြို့ပင်ကောက်မြို့ ပြည်သူ့ဆေးရုံ နှစ်ထပ်ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြပြီး ကုသဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူးက ဧည့်သည်တော်များအား ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များကို ပေးအပ်သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့သည် နှစ်ထပ်ကုသဆောင်သစ်အတွင်းရှိ လူနာခန်းများ၊ ခွဲစိတ်ခန်းများကို လှည့်လည်ကြည့်ရှုကာ လူနာများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ကာ အဆောက်အဦသစ်ကို ရေရှည်သန့်ရှင်းသပ်ရပ်စွာ တည်တံ့စေရေးအတွက် ဆက်လက်ထိန်းသိမ်းသွားကြရန်၊ ကုသရေးလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်ကြရန်၊ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ကွင်းဆင်းကုသမှုများ ဆောင်ရွက်ကြရန် မှာကြားသည်။
ယနေ့ဖွင့်လှစ်သည့် ကြို့ပင်ကောက်မြို့ ပြည်သူ့ဆေးရုံနှစ်ထပ်ကုသဆောင်သစ်သည် စတုရန်းပေ ၁၈,၆၀၀ ကျယ်ဝန်းပြီး စီမံကိန်းတန်ဖိုး ငွေကျပ် ၅၃၆ ဒသမ ၅ သန်း အကုန်အကျခံ တည်ဆောက်ခဲ့ကာ လူနာဆောင်များ၊ ခွဲစိတ်ခန်းများ၊ သားဖွားခန်း နှင့် ဆေးပေးခန်းတို့ ပါဝင်သည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
ဆက်လက်၍ လက်ပံတန်းမြို့ ပြည်သူ့ဆေးရုံ နှစ်ထပ်ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ကုသဆောင်သစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူးက ဧည့်သည်တော်များအား ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များကို ပေးအပ်ကာ နှစ်ထပ်ကုသဆောင်သစ်ကို လှည့်လည်ကြည့်ရှုကြပြီး နိုင်ငံတော်က နှစ်စဉ်ထောက်ပံ့ပေးအပ်သော ရန်ပုံငွေများကို ပြည်သူများရရှိခံစားနိုင်စေရေး အကျိုးရှိစွာအသုံးပြုကြရန်၊ လူနာများ စိုက်ထုတ်ကုန်ကျငွေ သက်သာစေရေးအတွက် အဓိကဆေးဝါးများ ထောက်ပံ့ပေးနိုင်ရေးဆောင်ရွက်ရန်မှာကြား၍ ဆေးရုံတက်ရောက်နေသော လူနာများအား တွေ့ဆုံနှုတ်ဆက်ကာ ထောက်ပံ့ငွေများ ပေးအပ်ကြသည်။
လက်ပံတန်းမြို့ ပြည်သူ့ဆေးရုံတွင် ယနေ့ဖွင့်လှစ်သည့် ကုသဆောင်သစ်သည် အလျား ပေ ၁၂၀၊ အနံ ၈၆ ပေ ကျယ်ဝန်းပြီး စီမံကိန်းတန်ဖိုး ငွေကျပ် ၂၂၉ သန်း အကုန်အကျခံ တည်ဆောက်ခဲ့ပြီး လူနာဆောင်များ၊ ခွဲစိတ်ခန်းများနှင့် ဆေးပေးခန်းများ ပါဝင်ကြောင်း သိရသည်။
လှည့်လည်ကြည့်ရှု
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သဲကုန်းမြို့နယ် အင်းမတိုက်နယ်ဆေးရုံသို့ ရောက်ရှိကြပြီး ဆေးရုံအတွင်းအရေးပေါ်လူနာဌာန၊ လူနာဆောင်များ၊ ဓာတ်မှန်ဌာန၊ ဓာတ်ခွဲခန်း၊ ခွဲစိတ်ခန်း၊ သားဖွားခန်း၊ ဆေးစတို တို့ကို လှည့်လည်ကြည့်ရှုပြီး လူနာများအား တွေ့ဆုံအားပေးစကားပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်သည်။ ထို့နောက် အင်းမတိုက်နယ်ဆေးရုံမှ တိုက်နယ်ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများကို တွေ့ဆုံကာ တင်ပြချက်များအပေါ် ဖြည့်ဆည်းပေးပြီး ကျန်းမာရေးဝန်ထမ်းများကို ချီးမြှင့်ငွေများ ပေးအပ်သည်။
ဆက်လက်၍ ဝက်ပုတ်ကျေးလက်ကျန်းမာရေးဌာနခွဲသို့ သွားရောက်၍ ပြင်ပလူနာဆေးကုသမှု၊ မီးဖွားခန်း၊ ကိုယ်ဝန်ဆောင်မိခင် ကျန်းမာရေးစောင့်ရှောက်မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်သူ့ကျန်းမာရေးဝန်ထမ်းများကိုတွေ့ဆုံ၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ကျန်းမာရေးဝန်ထမ်းများကို ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်