Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ပုဂံဒေသသန့်ရှင်းသာယာလှပရေးနှင့် ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၆

ခရီးစဉ်ဒေသများ သန့်ရှင်းသာယာလှပပြီး ခရီးသွားဆွဲဆောင်ရာနေရာများသို့ ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုတိုးတက်လာရောက်လည်ပတ်ရေးအစီအစဉ်များကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များဖြင့်ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများ၊ Bagan Plastic Campaign အဖွဲ့၊ ဟိုတယ်နှင့်ခရီးသွားအသင်းအဖွဲ့များ၊ ဒေသခံရပ်မိရပ်ဖများ စုစုပေါင်းအင်အား ၄၀၀ ခန့်ဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိသည့် မြို့ဟောင်းဧရိယာအတွင်းရှိ နေရာများသို့ လိုက်လံကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အာနန္ဒာဘုရား၊ ရွှေစည်းခုံဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး ဘုရားဖူးခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စွာ လာရောက်ဖူးမြော်နိုင်ရန် စီစဉ်ထားရှိမှုအခြေအနေများကို ကြည့်ရှုသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် နန်းမြင့်မျှော်စင်သို့သွားရောက်ပြီး မျှော်စင်ပေါ်၌ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ ပုဂံဒေသ၏ စွဲမက်ဖွယ်ရာ မြင်ကွင်းကျယ်ရှုခင်းကြည့်ရှုရာတွင် အဆင်ပြေမှုရှိစေရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မြန်မာ့လက်မှုအနုပညာပစ္စည်းများ၊ မြန်မာ့အစားအစာများအား ရောင်းချရန် စီစဉ်ထားရှိမှုအခြေအနေများကို ကြည့်ရှုသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပုဂံ၊ ညောင်ဦးဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ညောင်ဦးခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (Destination Management Organization-DMO) အား Aureum Palace Hotel & Resort ၌ တွေ့ဆုံ၍ (အပေါ်ပုံ) ပုဂံခရီးစဉ် ဒေသသည် ပြည်တွင်းခရီးသွားများအတွက်သာမက နိုင်ငံတကာ ခရီးသွားများအတွက်ပါ ထင်ရှားကျော်ကြားသည့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ခရီးစဉ်ဒေသတစ်ခုဖြစ်ပါကြောင်း၊ ပုဂံခရီးစဉ်ဒေသအနေဖြင့် ရှိနှင့်ပြီးသောဆွဲဆောင်မှုများအပြင် ခရီးသွားထုတ်ကုန်အမည်သစ်များဖြင့်လည်း ဆွဲဆောင်နိုင်ခဲ့သောကြောင့် ယင်းဒေသ၏ ပြည်တွင်းခရီးသွားလုပ်ငန်းမှာ ပြန်လည်တိုးတက်လာခဲ့သည်ကိုတွေ့ရှိရပါကြောင်း၊ အလားတူ ပုဂံခရီးစဉ်ဒေသ ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းနိုင်ရေးအတွက် အသိပညာပေး သင်တန်းများ၊ ဘာသာစကားသင်တန်းများ၊ ဝန်ဆောင်မှုသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ပုဂံဒေသခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ပုဂံခရီးစဉ်ဒေသမှာ မြန်မာနိုင်ငံ၏ အထင်ကရခရီးစဉ်ဒေသတစ်ခုဖြစ်ခြင်း၊ ဒေသခံတို့အနေဖြင့် ပုဂံဒေသ၏ ခရီးသွားလုပ်ငန်းအပေါ် မှီခိုအားထားရခြင်းတို့ကြောင့် ဒေသရှိ ရှေးဟောင်းလက်ရာအမွေအနှစ်များကို ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိစေရေး၊ သန့်ရှင်းသာယာလှပစေရေးနှင့် ရေရှည်တည်တံ့သော ခရီးစဉ်ဒေသဖြစ်စေရေးတို့အတွက် အားလုံးဝိုင်းဝန်း၍ စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ညောင်ဦးခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌက ပုဂံခရီးစဉ် ဒေသစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပုဂံဒေသအတွင်းရှိ ဝန်ကြီးဌာနမှ ပုဂ္ဂလိကသို့ ငှားရမ်းထားသော ဟိုတယ်များသို့ သွားရောက်၍ ခရီးသွားဧည့်သည်များ လာရောက်တည်းခိုနေထိုင်ရာတွင် ဝန်ဆောင်မှုကောင်းများ ပေးစွမ်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် Bagan Information and Training Center သို့ သွားရောက်၍ ပုဂံဒေသသို့ လာရောက်သည့် ခရီးသွားဧည့်သည်များကို ခရီးစဉ်ဒေသဆိုင်ရာ သတင်းအချက်အလက်များ ပေးစွမ်းနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်