မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကို ယခင်အစိုးရက တရားဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ခဲ့ခြင်းမရှိသည့်အပြင် နိုင်ငံတော်အာဏာကို အဓမ္မရယူရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တပ်မတော်က နိုင်ငံတော်တာဝန်များ ထမ်းဆောင်ခဲ့သည်ကို CRPH၊ NUG အကြမ်းဖက်အဖွဲ့နှင့် လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များက အုပ်ချုပ်ရေးယန္တရားပျက်ပြားစေရန်နှင့် နိုင်ငံပျက်စီးရန် အမျိုးမျိုးအဖုံဖုံလုပ်ဆောင်လျက်ရှိသည်။
လက်ရှိတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ဖြစ်ပွားနေသော တိုက်ပွဲများကို အကြောင်းပြု၍ အကြမ်းဖက်သောင်းကျန်းသူများက မိမိတို့ဒေသရှိ တိုင်းရင်းသားပြည်သူများ၏ဘဝကို မထောက်ထားဘဲ တိုက်ခိုက်ဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိသည်။ ယင်းအဖျက်လုပ်ရပ်များနှင့် ပတ်သက်၍ မသမာသူအဖျက်သမားများက မီဒီယာများကိုအသုံးချ၍ သတင်းတု၊ သတင်းမှားများထုတ်လွှင့်ကာ ပြည်သူများ အထင်အမြင်အသိအမြင်လွဲမှားစေရန် သတင်းအဆိပ်ခတ်ဆောင်ရွက်နေကြသည်။ လက်ရှိဖြစ်စဉ်အပေါ်အခြေခံ၍ မဟုတ်မမှန်သတင်းများ၊ သတင်းတု၊ သတင်းမှားပြုလုပ်ကာ လုပ်ကြံဖန်တီးသတင်းများပြုလုပ်၍ တိုက်ခိုက်မှုများပြုလုပ်နေသည်။
သတင်းတု၊ သတင်းမှား၊ ကောလာဟလသတင်းများသည် တိုင်းပြည်အတွက် အလွန်အန္တရာယ်များသော သတင်းစကားများဖြစ်သည်။ သမိုင်းတွင် ကောလာဟလသတင်းစကားကြောင့် ပြည်ပျက်ခဲ့သည့် ဖြစ်စဉ်ရှိခဲ့ဖူးသည်။ ရှေးဦးကာလက အမှန်အမှားခွဲခြားနိုင်သော အထောက်အထားများမရှိသေးသောကြောင့် ပြည်ပျက်သည်အထိ ဖြစ်ခဲ့ရသည်။ မျက်မှောက်ကာလတွင် သတင်းအချက်အလက်နှင့် နည်းပညာများ တိုးတက်ထွန်းကားလာသောကြောင့် အမှန်အမှားခွဲခြားရှုမြင်နိုင်ရမည်ဖြစ်သည်။ နိုင်ငံတွင်ဖြစ်ပေါ်နေသည့် ကိစ္စရပ်များကိုအကြောင်းပြု၍ လူမှုကွန်ရက်များပေါ်၌ မမှန်သတင်းများ မှိုလိုပေါက်လာသည်ကို ဆင်ခြင်နိုင်စွမ်းရှိရမည်ဖြစ်သည်။
ဖေ့စ်ဘွတ်ကဲ့သို့ လူမှုကွန်ရက်များပေါ်တွင် မသမာသူများနှင့် ပြည်ဖျက်မီဒီယာများ ဖြန့်ဝေနေသော သတင်းအများစုသည် မမှန်သတင်းများ၊ ပုံကြီးချဲ့ကား သတင်းများ၊ အထောက်အထားမခိုင်လုံသည့် သတင်းများ၊ တစ်ဖက်သတ်ဘက်လိုက်သည့် အဆိပ်အတောက်ဖြစ်စေသော သတင်းများဖော်ပြနေကြသည်ကို တွေ့ရမည်ဖြစ်သည်။ သာမန်အားဖြင့် ပြည်သူများသည် သတင်းအဆိပ်အတောက် သတင်းမှိုင်းများ မိကြရသည်။ စဉ်းစားဆင်ခြင်ဉာဏ်နှင့် ခွဲခြားဝေဖန်ပိုင်းခြားနိုင်သူများအနေဖြင့် အမှန်အမှားကွဲပြားစွာ သိမြင်ကြသည်။ အမှားကြာလျှင် အမှန်ဖြစ်ဆိုသော်လည်း ယုတ္တိတန်မဲ့ ကြိမ်ဖန်များစွာ ပြုလုပ်လာသောအခါ ပြည်သူများ သဘောပေါက်လာကြသည်။
မည်သို့ပင်ဖြစ်စေ သတင်းတု၊ သတင်းမှားတိုက်ဖျက်ရေးနှင့် ပြည်သူလူထုထံ သတင်းမှန်များ မှန်ကန်စွာစီးဆင်းနိုင်ရေးအတွက် နိုင်ငံချစ်စိတ်ဖြင့် နည်းလမ်းပေါင်းစုံ ကာကွယ်တားဆီးကြရမည်ဖြစ်သည်။ အထူးသဖြင့် အနာဂတ်တွင် နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူကြမည့် လူငယ်လူရွယ်များ အသိအမြင်မမှားစေရန် ကာကွယ်စောင့်ရှောက်ပေးကြရမည်ဖြစ်သည်။ စဉ်းစားချင့်ချိန်သုံးသပ်နိုင်စွမ်းရှိသည့် ဉာဏ်အမြော်အမြင်စွမ်းရည်များ တိုးပွားလာစေရန် ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ အပြုနှင့်အဖျက်၊ ကောင်းကျိုး၊ ဆိုးကွက်များကို ခွဲခြားရှုမြင်နိုင်စွမ်းရှိအောင် ပြုလုပ်ပေးကြရမည်ဖြစ်သည်။
ဥပမာအားဖြင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်သူများ စစ်ဘေးရှောင်စခန်းများတွင် ဆင်းရဲဒုက္ခခံနေရသည့်ဘဝများနှင့် တည်ငြိမ်အေးချမ်းမှုကြောင့် ပြည်သူများ အလုပ်အကိုင်မပျက် အေးချမ်းစွာနေထိုင်ကြရသည့်ဘဝများကို ထင်ရှားစွာနှိုင်းယှဉ်ပြသကြရမည်ဖြစ်သည်။ အဖျက်လုပ်ရပ်များကို လုပ်ဆောင်ရာတွင် လွယ်ကူသော်လည်း ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ကိုင်မည်ဆိုပါက ငွေကြေးအရင်းအနှီးများ၊ အချိန်ကာလများ၊ ဘဝများပါ ပေးဆပ်တည်ဆောက်ကြရသဖြင့် နိုင်ငံအတွက်သာမက ပြည်သူများအတွက်ပါ လွန်စွာနစ်နာနိုင်သည်ကို သိမြင်ကြရန်လိုအပ်ပေသည်။
ကျောင်းသား ကျောင်းသူလူငယ်လူရွယ်များသည် အနာဂတ်နိုင်ငံတော်၏ သားကောင်းရတနာများဖြစ်၍ နိုင်ငံတော်အနေဖြင့် တန်ဖိုးထားလျက်ရှိပြီး နိုင်ငံတော်အကြီးအကဲက လူငယ်လူရွယ်များ ပညာတတ်များဖြစ်အောင်၊ ပညာရည်မြင့်မားအောင် အထူးအလေးထားတိုက်တွန်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတစ်ဝန်း ပညာရည်တိုးတက်မြင့်မားလာအောင် ကြိုးပမ်းဆောင်ရွက်ပြီး မိမိနိုင်ငံ၊ မိမိဒေသ၊ မိမိပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံ၏လက်ရှိဖြစ်ပေါ်နေသော ပကတိအခြေအနေများကို အသိတရားဖြင့် ရှုမြင်သုံးသပ်ဆင်ခြင်၍ ကောင်းကျိုးများကို ဆောင်ကြဉ်းကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ အကောင်းနှင့်အဆိုး၊ အကျိုးနှင့်အကြောင်းတို့ကို ခွဲခြားရှုမြင်နိုင်စွမ်းရှိသည့် ပညာတတ်များဖြစ်အောင်၊ အနာဂတ်ကာလတွင် တိုင်းပြည်က အားကိုးအားထားပြုနိုင်သည့် နိုင်ငံသားများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြပြီး နိုင်ငံကိုချစ်သည့်စိတ်၊ နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးကို လိုလားသည့်စိတ်တို့ဖြင့် အဖျက်လုပ်ရပ်များကို ဝိုင်းဝန်းဆန့်ကျင်တိုက်ဖျက်ပြီး နိုင်ငံကို တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း။ ။