၂၀၂၃ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံက ကော်ဖီတန်ချိန် ၁ ဒသမ ၆၁ သန်း ပြည်ပသို့ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၈ ဘီလီယံအထိ စံချိန်တင်ရှာဖွေနိုင်ခဲ့သည်ဆိုသည့် သတင်းမှာ စိုက်ပျိုးရေးအဓိကနိုင်ငံဖြစ်သည့် မိမိတို့နိုင်ငံအဖို့ စိတ်ဝင်စားအားကျဖွယ်ရာပင်ဖြစ်သည်။ ကမ္ဘာ့ဈေးကွက်တွင် ရေနံသည် အရေးပါဆုံးကုန်စည်ဖြစ်ပြီး ဒုတိယအရေးပါဆုံးမှာ ကော်ဖီဖြစ်ရာ ကော်ဖီစိုက်ပျိုးထုတ်လုပ်နိုင်သည့် မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့ဈေးကွက်တွင် နေရာတစ်နေရာ ရရှိလာနိုင်ရန် ကြိုးပမ်းကြဖို့ လိုမည်ဖြစ်သည်။
ကမ္ဘာပေါ်တွင် ကော်ဖီစိုက်ပျိုးထုတ်လုပ်ရောင်းချသည့် နိုင်ငံပေါင်း ၇၅ နိုင်ငံရှိရာတွင် မြန်မာနိုင်ငံအပါအဝင်ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ဧကမှာ ၄၉၀၀၀ ခန့်သာ ရှိသည်။ ပြည်ပသို့ တင်ပို့သည့် အာရေဗီကာ အမျိုးအစားစိုက်ပျိုးမှုမှာ ဧက ၃၈၀၀၀ ခန့်ရှိပြီး ရိုဘက်စတာအမျိုးအစားစိုက်ပျိုးမှု ဧက ၁၂၀၀၀ ခန့်ဖြစ်သည်။ လက်ရှိစိုက်ပျိုးမှုမှာ ကော်ဖီစိုက်ပျိုးနိုင်သည့် မြေ၏ ၆၀ ရာခိုင်နှုန်းခန့်သာရှိကြောင်းနှင့် ကော်ဖီစိုက်ပျိုးရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကော်ဖီဇုန်သုံးဇုန်တွင် ဧက သုံးသိန်းအထိ စိုက်ပျိုးသွားရန် စီစဉ်နေကြောင်း သိရသည်။ ဗီယက်နမ်နိုင်ငံတွင် ကော်ဖီစိုက်ပျိုးသည့်ဧရိယာ ဟက်တာခုနစ်သိန်းကျော်ရှိကြောင်း သတင်းတွင်ဖော်ပြထားရာ တစ်ဟက်တာလျှင် နှစ်ဧကခွဲနီးနီးနှင့်ညီမျှခြင်းကြောင့် မြန်မာနိုင်ငံထက်အဆပေါင်းများစွာ စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် မိမိရေ၊ မြေ၊ ရာသီဥတုအလိုက် ရရှိနိုင်သမျှ တိုးချဲ့စိုက်ပျိုးခြင်းဖြင့် ကော်ဖီစိုက်ပျိုးမှု ပိုမိုတိုးတက်လာစေရန်နှင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများ အကျိုးဖြစ်ထွန်းနိုင်စေရေး အားပေးကူညီပံ့ပိုးမှုများ ပြုလုပ်ပေးရန် လိုအပ်မည်ဖြစ်သည်။
မြန်မာနိုင်ငံက ကော်ဖီတင်ပို့သောနိုင်ငံများမှာ ဆွစ်ဇာလန်၊ တရုတ်၊ ထိုင်း၊ အမေရိကန်၊ ဗြိတိန်၊ အိုက်စလန်၊ တောင်ကိုရီးယား၊ ဂျပန်၊ ဂျာမနီ၊ ယူအေအီးတို့ဖြစ်ပြီး စုစုပေါင်းတန်ချိန် ၄၅၀ မှ ၅၀၀ ခန့်ဖြစ်ကြောင်း သတင်းများအရသိရှိရသည်။ ထို့အပြင် မြန်မာ့ကော်ဖီကို ကုန်ကြမ်းအဖြစ်သာ တင်ပို့နေရခြင်းဖြစ်ရာ ပြည်တွင်း၌ ကော်ဖီကို ကုန်ချောအဖြစ် ထုတ်လုပ်သည့်လုပ်ငန်းများ ထူထောင်လုပ်ကိုင်ပါက ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုး တိုးတက်လာရန် အထောက်အကူပြုလာနိုင်မည်ဖြစ်သည့်အပြင် ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်း ပိုမိုတိုးတက်လာစေရန်လည်း အထောက်အကူပြုနိုင်မည်ဖြစ်သည်။ ပြည်တွင်းသို့ တင်သွင်းနေသည့် နိုင်ငံခြားကော်ဖီကုန်ချောများတွင် ကမ္ဘာ့ဈေးကွက်တွင် နေရာရနေသည့်အမှတ်တံဆိပ်များ ပါဝင်သည့်အနက် ထုတ်လုပ်သည့်နိုင်ငံများမှာ နိုင်ငံငယ်ကလေးများသာ ဖြစ်သည်ကို တွေ့ရှိနိုင်သည်။
မြန်မာ့ကော်ဖီသည် အရည်အသွေးအနံ့အရသာအရ နိုင်ငံတကာကော်ဖီဈေးကွက်တွင် အလားအလာရှိသောကုန်စည်ဖြစ်သည်။ ပြင်ဦးလွင်နှင့်ရွာငံဒေသထွက်ကော်ဖီများသည် ကမ္ဘာ့အဆင့်မီ Special Coffee အဆင့် အသိအမှတ်ပြုခံထားရပြီးဖြစ်ရာ မိမိတို့အမှတ်တံဆိပ်များနှင့် ကော်ဖီကုန်ချောများ ကမ္ဘာ့ဈေးကွက်တွင် နေရာရလာရေး ကြိုးပမ်းသွားကြရန်လိုသည်။ ကော်ဖီစိုက်ပျိုးရေးသည် ဒေသဖွံ့ဖြိုးရေးနှင့် ဒေသစီးပွားရေးကို အထောက်အကူဖြစ်စေသည့်အလျောက် လုပ်ငန်းရှင်များက ကော်ဖီစိုက်ပျိုးရန်ရယူထားသည့် မြေဧရိယာများတွင် အမှန်တကယ်အပြည့်အဝစိုက်ပျိုးရေး၊ စိုက်ပျိုးမြေများကို အခြားနည်းအသုံးပြုမှုများ မရှိစေရေး၊ နိုင်ငံတကာဈေးကွက်သို့ ရည်မှန်း၍ အရည်အသွေးမြင့် ကော်ဖီထုတ်လုပ်နိုင်ရန် စနစ်တကျစိုက်ပျိုးရေး၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိထိရောက်ရောက် အောင်အောင်မြင်မြင် စိုက်ပျိုးထုတ်လုပ်ကာ မိမိအကျိုး၊ နိုင်ငံ့အကျိုး သယ်ပိုးနိုင်ကြပါစေကြောင်း။ ။