Skip to main content

တန့်ဆည်မြို့နယ်၊ စိန်နန်းကျေးရွာနှင့် ကျောက်တော်မြို့၊ မဟာမုနိဘုရားကြီးအနီး လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ထိခိုက်သေဆုံးမှုနှင့် ကျေးရွာအချို့ မီးလောင်ပျက်စီးခဲ့မှုများရှိကြောင်း သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ

နေပြည်တော် ဇန်နဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ စိန်နန်းကျေးရွာကို ဇန်နဝါရီ ၄ ရက်နေ့တွင် တပ်မတော်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ် ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း သတင်းတု၊ သတင်းအမှားများကို Khit Thit Media က လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ တန့်ဆည်မြို့နယ်၊ စိန်နန်းကျေးရွာကို PDF အမည်ခံ အကြမ်းဖက်သမားများမှ ဒရုန်းများဖြင့် ကျေးရွာအတွင်းဗုံးကျဲခဲ့ခြင်းကြောင့် ကျေးရွာနေပြည်သူများသေဆုံး၊ ထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာနယ်မြေ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

အလားတူ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ မဟာမုနိဘုရားကြီးအနီးရှိ ကျေးရွာများကို တပ်မတော်မှ နေ့၊ ည လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်နေ၍ ကျေးရွာအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

သက်ဆိုင်ရာ နယ်မြေလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ကျောက်တော်မြို့၊ မဟာမုနိဘုရားကြီးအနီးနှင့် ဝန်းကျင်ကျေးရွာများတွင် ထိတွေ့ပစ်ခတ်မှုများမရှိကြောင်းနှင့် AA သောင်းကျန်းသူများကအဝေးမှ လက်နက်ကြီး၊ ရှော့တိုက်ဒုံးများဖြင့် တပ်စခန်းရှိရာနေရာများသို့ ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ပြီး ဒေသခံတိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့၍ နေအိမ်အချို့ မီးလောင်ကျွမ်းမှုများရှိခဲ့ကြောင်း သိရှိရပါသည်။

အကြမ်းဖက်အားပေး တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် မြို့၊ ရွာများ တည်ငြိမ်မှု ပျက်ပြားစေရန်၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် လူမှုစီးပွားဘဝကိုပျက်စီးစေရန် ရည်ရွယ်လျက် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် အဖွဲ့အစည်းများ၊ အကြမ်းဖက်သမားများ၏ လုပ်ရပ်များအား ဖုံးကွယ်ပေးရန်နှင့် ပြည်သူများမှ တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန်အတွက် သတင်းမှားများကို ဖန်တီးရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။