Skip to main content

ပခုက္ကူမြို့အတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော် ဇန်နဝါရီ ၅

 မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့အတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက ဇန်နဝါရီလ ၂ ရက် မွန်းလွဲပိုင်းတွင် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ပခုက္ကူမြို့နယ်၊ ပခုက္ကူကျွန်းကျေးရွာဘက်မှ PDF အမည်ခံ အကြမ်းဖက်သမားများက Drone အသုံးပြုပြီး Drop Bomb များပစ်ချတိုက်ခိုက်ခဲ့သဖြင့် အမှတ် (၈) ရပ်ကွက်၊ မြို့မလမ်းပေါ်ရှိ မေဖူးမုံအထည်ဆိုင်အနီးသို့ ကျရောက်ပေါက်ကွဲပြီး အပြစ်မဲ့ပြည်သူအမျိုးသား ၃ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ပခုက္ကူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရှိရသည်။

PDF အမည်ခံအကြမ်းဖက်သမားများသည် ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော မြို့/ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ Drop Bomb များဖြင့်ပစ်ချခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်လျက်ရှိသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။