Skip to main content

တပ်မတော်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးမြို့နယ်၊ လက်ပံချောင်းရွာနှင့် မောင်းတောမြို့နယ်၊ ကံသာယာအထက်ရွာတို့တွင် ပြည်သူများ သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဇန်နဝါရီ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မြောက်ပိုင်းသို့ ဇန်နဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းတွင် တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် လက်ပံချောင်းကျေးရွာနေ ကိုးနှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးကာ အရပ်သား ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်ဟု  Ayeyarwaddy Times လူမှုကွန်ရက်စာမျက်နှာပေါ်တွင် သတင်းတုများ လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်မှန်ကန်မှုရှိ/မရှိ ကလေးမြို့၊ လက်ပံချောင်းကျေးရွာရှိ ဒေသခံပြည်သူတစ်ဦးထံ ဆက်သွယ်မေးမြန်းရာ “ ယခုရက်ပိုင်းအတွင်း ၎င်းကျေးရွာအနီးတွင် ထိတွေ့ ပစ်ခတ်မှုများမရှိကြောင်း၊ PDF အမည်ခံအကြမ်းဖက်သမားများမှ ရံဖန်ရံခါတွင် လက်လုပ်စိန်ပြောင်းများ၊ Drone များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများရှိခဲ့သော်လည်း ယခုရက်ပိုင်းတွင် ကျေးရွာသူ/ ရွာသားများအနေဖြင့် စပါးရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း” သိရှိရပါ သည်။

အလားတူ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကံသာယာအထက်ရွာကို ဇန်နဝါရီ ၄ ရက်နေ့တွင် တပ်မတော်ကလက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် ၃ ဦးအပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းကို AA သတင်းအရင်းအမြစ်က ပြောကြောင်း Khit Thit Media က သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကိုတွေ့ရှိရသဖြင့် သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းချက်အရ မောင်တောမြို့နယ်၊ ကံသာယာ အထက်ရွာကို တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုမရှိခဲ့ကြောင်း၊ AA သောင်းကျန်းသူများမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ အလစ်အငိုက်တွင် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့်  ပြည်သူများထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ပြည်ဖျက်မီဒီယာများသည် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးမှု ပျက်ပြားစေရန်အတွက် သတင်းအရင်းအမြစ် တိကျခိုင်မာမှုမရှိသော ဖြစ်စဉ်များကို လူမှုကွန်ရက် ပေါ်တွင် ဝါဒဖြန့်ချိခြင်းများပြုလုပ်ကာ ပြည်သူများကို သတင်းအဆိပ်ခတ်လျက်ရှိကြောင်း ပြည်သူများအနေဖြင့် သတိပြုဆင်ခြင်နိုင်ရန် အသိပေးအပ်ပါကြောင်း သတင်းရရှိပါသည်။