Skip to main content

အင်းစိန်အကျဉ်းထောင်မှ နိုင်ငံခြားသားများနှင့် အကျဉ်းသား/အကျဉ်းသူ ၂၄၉၇ ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြု

ရန်ကုန် ဇန်နဝါရီ ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့ အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/ အကျဉ်းသူ ၉၆၅၁ ဦးနှင့် နိုင်ငံခြားသား ၁၁၄ ဦးတို့ကို ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ် များအပေါ် လျှော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုခဲ့သည်။

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှ လွတ်ငြိမ်း ခွင့်ရရှိသော အကျဉ်းသား/အကျဉ်းသူ ၂၄၉၇ ဦးကို ယနေ့နံနက်ပိုင်းတွင် Stadium ခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်နှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်မျိုးမင်းထိုက်တို့က ဆုံးမဩဝါဒစကားများ ပြောကြားကြသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အင်းစိန်အကျဉ်းထောင်မှ နိုင်ငံခြားသား ၁၈ ဦးနှင့် ၅၀၅-က အပါအဝင် နိုင်ငံသားအမျိုးသား ၂၁၆၂ ဦး၊ အမျိုးသမီး ၃၁၇ ဦး စုစုပေါင်း ၂၄၉၇ ဦးတို့ကို ယနေ့တွင် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ပြစ်ဒဏ်များမှ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ရာ အင်းစိန်အကျဉ်းထောင်မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် အကျဉ်းသား/အကျဉ်းသူ ၁၀၇၉ ဦး၊ ဒုတိယအကြိမ်အဖြစ် ၅၀၅-က အပါအဝင် အချုပ်သား/အချုပ်သူ ၆၂၁ ဦး၊ တတိယအကြိမ်အဖြစ် ၅၀၅-က အပါအဝင် အချုပ်သား/အချုပ်သူ ၃၂၂ ဦး၊ စတုတ္ထအကြိမ်အဖြစ် ၅၀၅-က အပါအဝင် အချုပ်သား/အချုပ်သူ ၆၆၈ ဦး၊ ပဉ္စမအကြိမ်အဖြစ် အကျဉ်းသား/အကျဉ်းသူ ၈၄၄ ဦး၊ ဆဋ္ဌမအကြိမ်အဖြစ် အချုပ်သား/အချုပ်သူ ၁၄၇၇ ဦး၊ သတ္တမအကြိမ်အဖြစ် အချုပ်သား/အချုပ်သူ ၁၁၆၇ ဦး၊ အဋ္ဌမအကြိမ်အဖြစ် အကျဉ်းသား/အကျဉ်း သူ ၉၀၊ နဝမအကြိမ်အဖြစ် အကျဉ်းသား/အကျဉ်းသူ ၁၆၀၊ ဒသမအကြိမ်အဖြစ် နိုင်ငံခြားသားများနှင့် နိုင်ငံသားအကျဉ်းသား/အကျဉ်းသူ ၉၈၅ ဦး၊ ဧက ဒသမအကြိမ်အဖြစ် နိုင်ငံခြားသားများ အပါအဝင် အကျဉ်းသား/အကျဉ်းသူ ၁၄၀၀၊ ဒွေဒသမအကြိမ်အဖြစ် နိုင်ငံခြားသားနှင့် နိုင်ငံသား အကျဉ်းသား/အကျဉ်းသူ ၂၄၉၇ ဦးတို့ကို ပြစ်ဒဏ်များမှ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီးဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီ၏ အမိန့်အမှတ် (၁/ ၂၀၂၄)နှင့် (၂/၂၀၂၄)တို့ဖြင့် ထုတ်ပြန်သည့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်းသက်သာခွင့်ရရှိသော အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား ၂၁၆၂ ဦး၊ အကျဉ်းသူ ၃၁၇ ဦးတွင် ၅၀၅-က နှင့် အခြားသောအမှုများမှ အကျဉ်းသား၊ အကျဉ်းသူများပါဝင်ပြီး နိုင်ငံခြားသား ၁၈ ဦး စုစုပေါင်း ၂၄၉၇ ဦးတို့ကို ယနေ့မွန်းလွဲပိုင်းမှစ၍ YBS ယာဉ်များဖြင့် ရန်ကုန်မြို့ရှိ သက်ဆိုင်ရာခရိုင်များနှင့် ဒေသများသို့ ပို့ဆောင်ခဲ့ရာ လွတ်လပ်ရေးနေ့ အခါသမယတွင် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ရရှိကြသူများ၊ လာရောက်ကြိုဆိုကြသူများဖြင့် ဝမ်းမြောက်ဝမ်းသာ ပျော်ရွှင်ကြလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်၊ ဓာတ်ပုံ-ကနူး